ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံခဲ့

  • 12 မတ် 2012
dawsuu_naypyitaw ဓာတ်ပုံ မူပိုင် AFP
Image caption နေပြည်တော်ရောက် ဒေါ်အောင်ဆန်းစုကြည်

မတ်လ ၁၄ ရက် နေ့မှာ ရုပ်မြင်သံကြား ကနေ ထုတ်လွှင့်မဲ့ မဲဆွယ်မိန့်ခွန်း အသံသွင်းရိုက်ကူးဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော်ကို ရောက်ရှိ လာခဲ့ပါတယ်။

ရောက်ရှိ နေစဉ် အတွင်းမှာ အထက်နဲ့အောက် လွှတ်တော် ၂ ရပ်လုံး က ဥက္ကဌ တွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ လွှတ်တော် ဥက္ကဌ တွေဖြစ်ကြတဲ့ သူရ ဉီးရွှေမန်းနဲ့ ဉီးခင်အောင်မြင့် တို့နဲ့ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးတာလဲ ဖြစ်ပါတယ်။ ဉီးခင်အောင်မြင့်နဲ့ အရင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနောက်မှာ လွှတ်တော်ထဲကို လေ့လာသူအဖြစ်နဲ့ဝင်ရောက်ခဲ့ကာ လွှတ်တော်အစည်းအဝေး ခန်းထဲမှာလဲ ဝင်ထိုင်ခဲ့ပြီး အဲဒီမှာ ဆွေးနွေးနေကြတာ တွေကိုလဲ နားထောင်သွားခဲ့ ပါတယ်။

အဲဒီကနေ ညနေပိုင်းမှာ တပ်ကုန်းကို သွားပြီး MRTV မှာ ၁၅ မိနစ် အသံသွင်း သွားခဲ့ပါတယ်။ နောက်ပိုင်းမှာလဲ ရွေးကောက်ပွဲ ကော်မရှင်ကို ဝင်တွေ့ခဲ့ပါတယ်။

ဉီးရွှေမန်းနဲ့ တွေ့ဆုံရာမှာတော့ တခြားကိုယ်စားလှယ်တွေ မပါဘဲ ၂ ဉီးထဲသာ သီးခြားတွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်တွေက မေးမြန်းရာမှာတော့ နိုင်ငံ့ ကောင်းကျိုး အတွက် ဆွေးနွေး ခဲ့ကြတာ ပါလို့သာ ၂ ဉီးစလုံးက ဖြေကြား ခဲ့ကြပါတယ်။

လွှတ်တော်ကို လေ့လာ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက် တဉီးက လွှတ်တော် ဖွဲ့စည်း ဆောင်ရွက်ပုံ တွေနဲ့ပတ်သက်လို့ မှတ်ချက် ပေးဖို့ တောင်းဆို ရာမှာ သူ့ အနေနဲ့ အချိန် နည်းနည်းလေးသာ လေ့လာခဲ့ရလို့ ပီပီပြင်ပြင် မပြောနိုင်ဘူးလို့ ဖြေကြားသွားခဲ့ ပါတယ်။