ဆီးရီးယာ: အစိုးရတပ် သတ်ဖြတ်မှုတွေ ကျူးလွန်

  • 12 မတ် 2012
Homs ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား အစိုးရတပ်တွေ ဝိုင်းတိုက်နေတဲ့ ဟွမ်းစ်မြို့

ဆီးရီးယား နိုင်ငံမှာတော့ အစိုးရတပ်တွေက ဟွမ်းစ် မြို့ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ် တွေကို သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အတိုက်အခံ အဖွဲ့တွေက စွပ်စွဲလိုက်ကြ ပါတယ်။

အတည်ပြုလို့ မရနိုင်တဲ့ ဗီဒီယိုသတင်း တခုထဲမှာ ခါမ်အဲလ် ဇေတုန်း နဲ့ အဲလ် အဒေါ်ဝီရေ ရပ်ကွက် တွေဘက်မှာ လည်ချောင်းတွေကို အဖြတ်ခံထား ရတဲ့၊ ဓားဒဏ်ရာ တွေနဲ့ သေဆုံး နေကြတဲ့ အလောင်း တွေကို တွေ့ကြရပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြား ကလဲ ဒီ အလောင်းတွေ တွေ့ရှိခဲ့တာကို အတည်ပြု ပြောကြား ပေမယ့် ဒီလုပ်ရပ် တွေကို လက်နက်ကိုင် ထားတဲ့ အကြမ်းဖက် အဖွဲ့တွေက ကျူးလွန် ခဲ့ကြတာ ဖြစ်တယ် ဆိုပြီး အပြစ်ဆိုထား ပါတယ်။

အဲဒီ ဟွမ်းစ် မြို့မှာ ဆီးရီးယား အစိုးရတပ်တွေနဲ့ သူပုန်တွေ အကြား အကြီးအကျယ် တိုက်ခိုက် နေခဲ့ကြတာ တလကျော် ကြာနေခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ ဟွမ်းစ် မြို့ကနေ ထွက်ခွာ လာခဲ့တဲ့ အတိုက်အခံ ဆီးရီးယား အမျိုးသား ကောင်စီရဲ့ အဖွဲ့ဝင် မူလ်လန် အဲလ် ဂျန်ဒီက ခါမ်အဲလ် ဇေတုန်း ကို အစိုးရ တပ်တွေ ဘက်က ဘာဘာ အမာ အရပ်ကို တိုက်ခိုက်တုန်းက လိုမျိုး ပစ်ခတ် တိုက်ခိုက် နေကြပြီး အဲဒီတုန်းက ဘယ်သူ့ ကိုမှ ချန်မထားခဲ့ ဘူးလို့ ဆိုပါတယ်။