ဆီးရီးယား ဆွေးနွေးပွဲ

  • 12 မတ် 2012
_annan_

ဆီးရီးယားနိုင်ငံ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အထူးသံတမန် ကိုဖီအာနန် က သမ္မတ ဘာရှား အယ်လ်အာဆတ် နဲ့ ဒုတိယ အကြိမ် ဆွေးနွေးတဲ့ အခါမှာ အကြမ်းဖက်မှုတွေ အရှိန်လျော့ကျ သွားစေရေး ရည်ရွယ်တဲ့ ကမ်းလှမ်းချက်တွေ ကို ပေးခဲ့ပြီ လို့ ဆိုပါတယ်။

ဒါပေမယ့် သွေးမြေကျမှု တွေ ရပ်ဆိုင်းစေရေး သဘောတူညီချက် ရဖို့တော့ ခက်ခဲနေသေးကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ က ဆိုရင် သမ္မတ အာဆတ် က နိုင်ငံတွင်းမှာ အကြမ်းဖက် အုပ်စုတွေ လှုပ်ရှား နေသရွေ့ နိုင်ငံရေး ဆွေးနွေးမှု ကို မလုပ်နိုင်ဘူးလို့ ပယ်ချ ခဲ့ပါတယ်။

တူရကီ နယ်စပ်နဲ့ ကပ်နေတဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်မတော် ရှိနေတဲ့ အစ်ဒလစ် မြို့ ကို အစိုးရတပ်တွေက ဆက်လက်တိုက်ခိုက် နေကြောင်း အစိုးရဆန့်ကျင်သူ လှုပ်ရှားသူတွေ က ပြောပါတယ်။

ဘေရွတ်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က အစ်ဒလစ် မြို့ ကို ဆီးရီးယား တပ်တွေ ထိုးစစ် ဆင်နေမှု တွေ ပြင်းထန်နေတဲ့ အတွက် ဟုမ်းစ် မြို့ လို အထိနာမှာကို အစိုးရ ဆန့်ကျင်သူ တပ်ဖွဲ့တွေ ဘက်က စိုးရိမ်ကြောင်း သတင်းပေးပို့ လိုက်ပါတယ်။