အာဖဂန် အစိုးရကိုယ်စားလှယ်အဖွဲ့ တိုက်ခိုက်ခံရ

  • 13 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ကိုယ်စားလှယ်အဖွဲ့ကို လုံခြုံရေးလိုက်ပေးနေ တဲ့ လုံခြုံရေးတဉီး ပစ်သတ်ခံလိုက်ရပါတယ်

အာဖဂန်နစ္စတန်မှာ တနင်္ဂနွေနေ့တုန်းက အမေရိကန် စစ်သားတဉီးကနေ အာဖဂန် အရပ်သား ၁၆ ယောက်ကို သတ်ဖြတ်လိုက် တယ်ဆိုတဲ့ ရွာကို အာဖဂန်အစိုးရ ကိုယ်စားလှယ် အဖွဲ့သွားရောက်ရာမှာ သေနတ်သမားတွေက အဲဒီ ကိုယ်စားလှယ် အဖွဲ့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

သမ္မတ ခါဇိုင်းရဲ့ ညီအကိုတော်သူ ၂ ဉီးလည်း ပါဝင်တဲ့ ဒီအဖွဲ့ဟာ ဘလန်ဒီရွာ အရောက်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ကို လုံခြံရေး လိုက်ပေးနေတဲ့ လုံခြုံရေးတဉီး ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့ အမေရိကန် စစ်သားဟာ စိတ်ပုံမှန် မဟုတ်တဲ့လူ ဖြစ်ကြောင်းကို သေဆုံးသူတွေရဲ့ မိဘဆွေမျိုးတွေကို ကိုယ်စားလှယ်တွေက ရှင်းပြနေခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အစိုးရ ကိုယ်စားလှယ်တွေဟာ သေဆုံးသူ တယောက်ချင်းဆီအတွက် သက်ဆိုင်ရာ ဆွေမျိုးတွေကို လျော်ကြေး ဒေါ်လာ ၂ ထောင် ပေးမယ်လို့ ပြောပါတယ်။

အခု သတ်ဖြတ်မှုကြောင့် အာဖဂန်နိုင်ငံ တဝန်း အကြီးအကျယ် ဒေါသဖြစ်စေခဲ့ပြီး အခု ကိစ္စအပေါ် ဆန့်ကျင်ဆန္ဒပြတဲ့ ဂျလာလာဘတ်မြို့ အစောပိုင်း ဆန္ဒပြမှု တွေမှာ ကျောင်းသား အများအပြား ပါဝင်ခဲ့ကြပါတယ်။