အာဖဂန်ဆိုင်ရာ ဗျူဟာတွေ မပြောင်းလဲဘူးလို့ အိုဘားမားပြော

  • 13 မတ် 2012
ဓာတ်ပုံ မူပိုင်
Image caption အမေရိကန် သမ္မတ အိုဘားမား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အာဖဂန် အရပ်သား ၁၆ယောက်ကို အမေရိကန် စစ်သားက သတ်ဖြတ်ခဲ့မှုကြောင့် အမေရိကန်ရဲ့ အာဖဂန် နစ္စတန် အပေါ် ထားရှိတဲ့ နည်းဗျူဟာတွေ ၊ ရည်ရွယ်ချက်တွေ ပြောင်းသွားမှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန် တပ်တွေ ရုတ်သိမ်းဖို့ သတ်မှတ်ထားတဲ့ အချိန် ၂ဝ၁၄ ခုနှစ်ထက် အာဖဂန်မှာ ဆက်လက် တပ်စွဲမထားဖို့ အရေးကြီးတယ် ၊ ဒါပေမယ့် အလျင်စလို ရုတ်သိမ်းမှု မဖြစ်သင့်ဘူးလို့ သူက သတိပေးထားပါတယ်။

အမေရိကန် တပ်တွေဟာ အာဖဂန်နစ္စတန်ကနေ သိက္ခာရှိရှိ တာဝန်သိသိနဲ့ ဆုတ်ခွာသင့်တယ် ဒါမှသာ နောက်တခေါက် ပြန်သွားစရာ မလိုတော့ဘူးလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ရုပ်မြင်သံကြား ဌာနတခုရဲ့ မေးမြန်းခန်းမှာ မစ္စတာ အိုဘားမားက ပြောကြားရာမှာ ဒီသတ်ဖြတ်မှုဟာ သေနတ်သမားရဲ့ တယောက်တည်း ကြံစည်ဆောင်ရွက်မှု ဖြစ်ပါတယ်လို့ သူက ဆိုပေမယ့် ဒီစစ်သားရဲ့ လှုပ်ရှား ဆောင်ရွက်မှုကို ပြောမသွားသလို သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ဆိုမသွားခဲ့ပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒီဖြစ်ရပ်ဟာ ကြောက်မက်ဖွယ် အရုပ်ဆိုးလှတဲ့ ဖြစ်ရပ်တခုပါ ၊ အသတ်ခံလိုက်ရတဲ့ မိသားစုဝင်တွေ သေဆုံးသွားတဲ့ ခလေးတွေ အတွက် တကယ့်ကို ထင်တောင် ထင်မှတ်ထားမှာ မဟုတ်တဲ့ အဖြစ်ဆိုးကြီး တခုဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်သားကိုလည်း ဖမ်းဆီးထားပြီး အပြည့်အဝ စုံစမ်း စစ်ဆေးနေပါတယ် ၊ ပြစ်မှု ထင်ရှားတဲ့လူကို အရေးယူသွားမှာပါလို့ ဆိုပါတယ်။