ရှားပါးသတ္တုပစ္စည်း တရုတ်တို့ကန့်သတ်မှု WTO ကိုတိုင်ကြား

ဓာတ်ပုံ မူပိုင် REUTERS
Image caption ရှားပါးသတ္တု တတန် ရဖို့၊ မြေဆီ စတုရန်းပေ သုံးထောင်ကျော် ပျက်စီးတယ်လို့ ဆိုပါတယ်

တရုတ်နိုင်ငံကနေ ကမ္ဘာ့ ရှားပါး ဓာတ်သတ္တု ပစ္စည်းတွေကို နိုင်ငံခြားကို တင်ပို့တဲ့နေရာမှာ ကန့်သတ် တားမြစ်မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဉရောပသမဂ္ဂနဲ့ ဂျပန်နိုင်ငံတို့ဟာ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်မှာ တိုင်ကြား တော့မှာ ဖြစ်ပါတယ်။

တရုတ်တို့ရဲ့ ဟာ အခုလို ကန့်သတ်မှုတွေ လုပ်တဲ့ အတွက် ဒါဟာ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖေါက်ရာ ရောက်တယ်လို့ အီးယူ ကုယ်သွယ်ရေး ကော်မရှင်နာ မင်းကြီး ကာရဲယ် ဒီ ဂုချ်က ပြောပါတယ်။ နောက်ပြီး ကမ္ဘာတဝန်း ထုတ်လုပ်သူတွေနဲ့ အသုံးပြုသူတွေ အတွက် ထိခိုက်မှုတွေ ရှိခဲ့တယ် လို့လည်း သူကပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ သတ္တုဓာတ် ၉၅ ရာခိုင်နှုန်းထိ ကြွယ်ဝတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်းအတွင်း မွန်ဂိုးလီးယား ပြည်နယ်မှာ အဓိက ထွက်ရှိ တာပါ။ ဒီသတ္တုဓာတ် ၁၇ မျိုးကို အိုင်ဖုန်း နဲ့ လျှပ်စစ်ကားလို ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးချပါတယ်။

အနှုတ် အသိမ်းအယူ အများဆုံး ကတော့ အမေရိကန်ဘက်က ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဒီသတ္တုတင်ပို့တာကို ထိန်းချုပ်ပြီး ကမ္ဘာ့ စျေးကွက်မှာ စျေးတက်အောင် လုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲ ထားပါတယ်။

တရုတ်အစိုးရကလည်း ဒီလို ထိန်းချုပ်တာဟာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ချုပ် စည်းမျဉ်းတွေ နဲ့ အညီ ထိန်းချုပ်တာပါ လို့ တုံ့ပြန် ပါတယ်။ အလွန်အကျွံ တွင်းတူးမှုတွေကြောင့် ပတ်ဝန်း ကျင် ပျက်စီးရမှု တွေကို ထိန်းချုပ်ဖို့ ဒီလို သတ်မှတ်ချက်တွေ ထားရတာလို့ လည်း တရုတ်ဘက်က ဆိုပါတယ်။ ဒီ ရှားပါးသတ္တု တူးဖော်ရတာဟာ ခက်ခဲတယ်၊ အဆိပ် အတောက်တွေ ထွက်ရှိပြီး ရေဒီယို သတ္တိကြွမှု အန္တရာယ်တောင် ရှိတယ်လို့ သိရပါတယ်။

ဒီသတ္တု တတန်ရဖို့ အတွက် မြေဆီ စတုရန်းပေ ၃ ဝဝဝ ကျော် ပျက်စီးရတယ်လို့ လည်း ဆိုပါတယ်။ မနှစ်က သတ္တု တန် ၃၉ ဝဝဝ ထုတ်ခဲ့ရာက နောက်ကို တနှစ် တန် ၃ဝဝဝဝ ကျော်ထိ လျှော့ချ ထုတ်လုပ်ဖို့ တရုတ်က စီစဉ် နေပါတယ်။

ဒီရှားပါးသတ္တု ကိစ္စဟာ အခုတခါမှ ပထမဆုံး နိုင်ငံရေး ပြဿနာ ဖြစ်လာတာ မဟုတ်ပါဘူး။ အရင် တနှစ်ကျော်ကလည်း ဂျပန်နဲ့ သံတမန်ရေး အရ အငြင်းပွားပြီး ပို့ကုန် တားမြစ်မှုတွေ လုပ်ခဲ့ဖူးပါတယ်။ အခု တိုင်ကြားမှုဟာလည်း အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဂျပန်တို့ ပထမဆုံး အကြိမ် ပူးတွဲ တိုင်ကြားမှု ဖြစ်ပါတယ်။