ဆီးရီးယား အရေး လုံခြုံရေး ကောင်စီ နှုတ်ဆိတ် မနေသင့်

  • 13 မတ် 2012
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်

ဆီးရီးယား နိုင်ငံမှာ အစိုးရက လူထုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နှိမ်နင်း နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ရေငုံနှုတ်ပိတ် မနေသင့်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။ လတ်တလော ဖြစ်ပျက်မှုတွေဟာ စစ်တပ်က လူထုကို ကြိုတင် ကြံစည်ပြီး သတ်ဖြတ်နေသလိုဘဲလို့ မစ္စက် ကလင်တန်က ဆိုပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်ကလည်း ကုလသမဂ္ဂ အနေနဲ့ ဆီးရီးယား အရေးမှာ ခေါင်းဆောင်မှု ပြသင့်တယ်လို့ ပြောပါတယ်။ အတိုက်အခံ အဖွဲ့ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်စီဝင်တွေဟာ ဒီနေ့ အင်္ဂါနေ့မှာ ဆီးရီးယား အရေး ဆိုင်ရာ အာရပ် အဖွဲ့ချုပ်ရဲ့ အထူးကိုယ်စားလှယ် ကိုဖီ အာနန် အပါအဝင် ကုလသမဂ္ဂ အဖွဲ့တွေနဲ့ တူရကီမှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption သတင်းအတွက် အသက်ကို စတေးခဲ့သူ မာရီ ကိုဗင်

ဆီးရီးယားက လူထုအုံကြွမှုတွေကို သတင်းယူရင်း ပြီးခဲ့တဲ့ လတုန်းက သေဆုံးသွားတဲ့ စစ်ပွဲဆိုင်ရာ သတင်းထောက် မာရီ ကိုလ်ဗင်ရဲ့ စျာပန အခမ်းအနားကို သူမရဲ့ မွေးရပ်မြေ ဖြစ်တဲ့ New York state က Oyster Bay မှာ ကျင်းရခဲ့ရာမှာ ရာထောင်ချီတဲ့ လူတွေ တက်ရောက် ဂါရဝ ပြုခဲ့ကြပါတယ်။

မာရီ ကိုလ်ဗင်ဟာ စစ်မက် ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ မကြောက်မရွံ့ သတင်းလိုက်ယူလေ့ ရှိတဲ့ ၊ သတင်းထောက် အလုပ်ကို လေးစားခုံမင်စွာ လုပ်ကိုင်တဲ့သူ တယောက်ဖြစ်တယ်လို့ လူတွေက ရည်ညွှန်း ပြောဆိုခဲ့ကြပါတယ်။