ကန် ဗြိတိန် ဆက်ဆံရေး ခိုင်ဆဲလို့ ကင်မရွန်းပြော

  • 15 မတ် 2012
Obama Cameron ဓာတ်ပုံ မူပိုင် Getty Images
Image caption ကန် ဗြိတိန် ဆက်ဆံရေး ခိုင်မာဆဲလို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ထပ်လောင်း ပြောကြား

အာဖဂန် နစ္စတန်က စစ်ဆင်ရေးဟာ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အမေရိကန် သမ္မတ အို ဘားမားနဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာမှာ ပြောကြား ခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ သုံးရက်ကြာ ခရီး စဉ် အတွင်းမှာ အမေရိကန် ဗြိတိန် အနာဂတ် ဆက်ဆံရေး၊ အာဖဂန် နစ္စတန် ကိစ္စ၊ အရှေ့ အလယ်ပိုင်းက ဆီးရီးယားနဲ့ အီရန် အရေး ကိစ္စတွေကိုလည်း ဆွေးနွေး ခဲ့ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရင်ကလို ခိုင်မာ အားကောင်းဆဲပဲလို့ ခေါင်းဆောင် နှစ်ယောက် စလုံးက ထပ်လောင်း ပြောကြားခဲ့ပြီး ဒေးဗစ် ကင်မရွန် အိမ်ဖြူတော်ကို အမြှောက် ဆယ့် ကိုးချက် ပစ်ဖောက် ကြိုဆို ခဲ့ပါတယ်။

တခါ အာဖဂန် နစ္စတန် ကိစ္စနဲ့ ပတ်သက်လို့လည်း အခက်အခဲတွေ ရှိပေမယ့် တိုးတက်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ အိုဘားမားက ပြောပါတယ်။

ကျနော်တို့ တပ်တွေဟာ အာဖဂန် နစ္စတန်မှာ တကယ့် တိုးတက်မှုတွေ ရနေတာ အငြင်း ပွားစရာ မလိုကြောင်း၊ အယ်ခိုင်ဒါကို ဖြိုခွင်းပြီး တာလီဘန်တွေရဲ့ တိုက်ခိုက်မှု အရှိန်ကို တန့်သွားအောင် လုပ်ဆောင် နိုင်ခဲ့ကြောင်း မကြာခင် အမေရိကန်တပ်တွေ အိမ်ပြန်လာ နိုင်တော့မှာ ဖြစ်တယ်လို့ အိုဘားမားက ပြောသွားပါတယ်။

တပ်တွေ ပြန်ရုပ်ဖို့ ကိစ္စ အသေးစိတ်ကို မကြာခင် ရှီကာဂိုမှာ ကျင်းပမယ့် နေတိုး ထိပ်သီး စည်းဝေးပွဲမှာ တင်ပြမယ်လို့ အိုဘားမားက ပြောပါတယ်။

ရှေ့နှစ် ၂၀၁၃ မှာ အာဖဂန် နစ္စတန် တပ်တွေကို အထောက်အကူ ပေးရုံ ပေးတဲ့ အဆင့် အနေအထားထိ လျှော့ချပြီး ၂၀၁၄ မှာ အာဖဂန် တပ်တွေ သူတို့ လုံခြုံရေး သူတို့ အပြည့်အဝ တာဝန် ယူနိုင်မယ်လို့ မျှော်လင့် ရပါတယ်။

အဲဒိအချိန်မှာ အမေရိကန်နဲ့ ဗြိတိသျှ တပ်တွေကို အပြီး ရုပ်သိမ်းနိုင်မယ်လို့ ခန့်မှန်းနေ ပါတယ်။

ဒေးဗစ် ကင်မရွန်း ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ကတော် ဆမန်သာ ကင်မရွန်းဟာ ခလေး သူငယ်များ စောင့်ရှောက်ရေး ဌာနကို သွားရောက်ခဲ့ပြီး မသန် မစွမ်း ခလေး သူငယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ညပိုင်းမှာတော့ ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ် အဖွဲ့ကို အိမ်ဖြူတော်က နိုင်ငံတော် ညစာစားပွဲ တည်ခင်း ဧည့်ခံခဲ့ပါတယ်။