ကွန်ဂိုစစ်ဘုရင် သောမတ်စ် လူဘန်ဂါကို စီရင်ချက်ချ

  • 14 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ လူဘန်ဂါဟာ ကလေးတွေကို စစ်သား အဖြစ် စုစောင်း အသုံးချခဲ့တာ ဖြစ်ပါတယ်

ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံက သူပုန်ခေါင်းဆောင်ဟောင်း စစ်ဘုရင် သောမတ်စ် လူဘန်ဂါဟာ စစ်ရာဇဝတ်မှု တွေ ကျူးလွန်ခဲ့မှုနဲ့ အပြစ် ရှိကြောင်း the Hague မြို့ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC က စီရင်ချက် ချမှတ်လိုက်ပါတယ်။

သောမတ်စ် လူဘန်ဂါ ဟာ ကွန်ဂို မျိုးချစ်များ သမဂ္ဂ (UCP)ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံမှာ ရှိတဲ့ လူမျိုးစု တခုနဲ့ တခုအကြား စစ်မက် ဖြစ်ပွားရာမှာ သူပုန်တွေကို ဉီးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Hema နဲ့ Lendu လူမျိုးစု စစ်ပွဲမှာ လူပေါင်း ၆ သောင်းကျော် သေဆုံးခဲ့တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန် ခဲ့ပါတယ်။

မစ္စတာ လူဘန်ဂါ အပေါ် ပစ်ဒဏ်ချမှုဟာ ICC တရားရုံးအတွက် ၁၀ နှစ်အတွင်း ပထမ ဉီးဆုံး အကြိမ် ဖြစ်သလို ကလေးစစ်သား အသုံးပြုမှုနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံရတဲ့ ပထမဉီးဆုံး အမှုလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်အကြားမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကို သူရဲ့ စစ်တပ်အတွက် အသုံးပြုတာ၊ သူရဲ့ကိုယ်ရံတော်တွေ အဖြစ်ခန့်ထားတာ၊ လိင်ပိုင်းဆိုင်ရာ အသုံးချတယ် ဆိုပြီး တရားစွဲခံထားရသူပါ။ အဲဒီအထဲမှာ တချို့ဆိုရင် အသက် ၉ နှစ် အရွယ်ပဲ ရှိပါသေးတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ UPC အဖွဲ့ဟာ ဒီကလေးသူငယ်တွေကို ရှေ့တန်း စစ်မျက်နှာစာ တွေမှာ တွင်တွင် ကျယ်ကျယ် အသုံးပြုခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ ဒီအမှုကို ကိုင်တွယ်တဲ့ တရားသူကြီး ၃ ဉီးက ပြောပါတယ်။

အခုလို စီရင်ချက်ချနိုင်မှုဟာ အဲဒီတုန်းက စစ်ဒဏ်ကို ခံခဲ့ရသူတွေနဲ့ ICC အတွက် အရေးကြီးတဲ့ အောင်မြင်မှု တရပ်ဖြစ်တယ်လို့ လူအခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

ဒီအမှုအတွက် ICC တရားရုံးက သေဒဏ် ချမှတ်ပိုင်ခွင့် မရှိပေမယ့် သူဟာ တသက်တကျွန်း ထောင်ဒဏ် ချမှတ် ခံရနိုင်ပါတယ်။ တခြား ICC ရဲ့ သံသယ ရှိသူတွေထဲမှာ လစ်ဗျားက ဗိုလ်မှူးကြီး ကဒါဖီရဲ့သား Saif al-aslam Gaddafi နဲ့ သမ္မတ Omar al-Bashir အပါအဝင် တခြား ဆူဒန် အစိုးရ အဖွဲ့ဝင် တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။