တရုတ် နိုင်ငံရေး ခေါင်းဆောင် ရာထူး ဖြုတ်ခံရ

  • 15 မတ် 2012

တရုတ် နိုင်ငံရဲ့ အထင်ရှားဆုံး နိုင်ငံရေး သမား တစ်ယောက် ဖြစ်သူ နိုင်ငံ အနောက် မြောက်ပိုင်း ချုန်ချင့် မြူနီစီပယ် ဒေသ မြို့တော်ဝန် ပေါရှီလိုင်ဟာ မြို့နယ် ကွန်မြူနစ် ပါတီ အကြီး အကဲ တာဝန်ကနေ ရပ်ဆိုင်း ခံလိုက်ရ ပါတယ်။

Image caption ရာထူးက ဖြုတ်ချ ခံရတဲ့ တရုတ် ခေါင်းဆောင် ပေါရှီလိုင်

သူ့ နေရာမှာ တရုတ် ဒုတိယ ဝန်ကြီးချုပ် ကျန်ဒေ့ဂျန် Zhang Dejiang ကို ခန့်ထားခဲ့ပါတယ်။ သူ့ကို ခန့်ထားကြောင်းနဲ့ ပေါရှီလိုင်းကို ရာထူးက ထုတ်ပယ်ကြောင်း ရုပ်မြင်သံကြားကနေ ကြေညာ သွားခဲ့ ပါတယ်။

ပေါရှီလိုင် ဟာ တရုတ် ခေါင်းဆောင်တွေ ထဲမှာ အနောက်တိုင်း နိုင်ငံရေး သမားတွေလို ဝင့်ဝင့် ကြွားကြွား ပုံစံ အရှိဆုံး နိုင်ငံရေး သမား တယောက် ဖြစ်ပါတယ်။

သူဟာ တရုတ် ထိပ်တန်း ခေါင်းဆောင်တွေ ထဲက တယောက်ပါ။

ကုန်သွယ်ရေး ဝန်ကြီး တာဝန် ယူခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။ တရုတ်မှာ အလွန် ကြီးမားတဲ့ မြူနီ စပယ်ဒေသကြီး တွေဟာ ပေကျင့်၊ စန့်ဟိုင်၊ ချင်းကျင့်၊ ချုံ့ချင့် ဆိုပြီး ရှိကြရာမှာ အဲဒီ မြူနီ စပယ် ဒေသကြီး တွေရဲ့ မြို့တော်ဝန်ဟာ တရုတ် ကွန်မြူနစ် ပါတီရဲ့ ဗဟို ကော်မတီဝင် ဖြစ်ရ ပါတယ်။

ပေါရှီလိုင်ဟာ ချုံချင့် ဒေသမှာ ဂိုဏ်းဖွဲ့ လှုပ်ရှား ကြတဲ့ ဒုစရိုက် ဂိုဏ်းတွေကို နှိမ်နင်း ရာမှာ အောင်မြင်ပြီး လူကြိုက်များ ကျော်ကြား လာသူလည်း ဖြစ်ပါတယ်။

သူဟာ တရုတ် ခေါင်းဆောင်ဟောင်း ဥက္ကဌကြီးမော်ရဲ့ ဆိုရှယ်လစ် ပုံစံကို အသက်သွင်း လိုသူ တစ်ယောက် အဖြစ်လည်း ယူဆ ခံရသူ တယောက် ဖြစ် ပါတယ်။

ပြီးခဲ့တဲ့ လထဲ မှာတော့ ပေါရှီလိုင် လက်အောက်မှာ ကာလ ရှည်ကြာ တာဝန် ထမ်းဆောင် ခဲ့တဲ့ သစ္စာရှိ ရဲအရာရှိချုပ် ဟောင်းလည်းဖြစ် ဒုတိယ မြို့တော်ဝန်လည်းဖြစ်တဲ့ ဝမ်လိဂျွန်ဟာ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ တစ်ညတာ သွားရောက် အချိန် ကုန်လွန်ခဲ့ ပါတယ်။

သူ့ကို လည်း အခု ရာထူးက ဖြုတ်ချပြီး စုံစမ်း စစ်ဆေး နေပါတယ်။ အဲဒီ ကတည်းက မစ္စတာ ပေါရှီလိုင် ရဲ့ အနာဂတ်ရေး နဲ့ ပတ်သက်ပြီး တီးတိုး ဝေဖန် ပြောဆိုသံတွေ ထွက်ပေါ် လာခဲ့ ပါတယ်။

အဲဒီနောက် တရုတ် ပြည်သူ့ လွှတ်တော် ကျင်းပရာမှ သူတက်ရောက် မလာတဲ့ အတွက်ပိုပြီး သံသယ ဝင်ခဲ့ကြ ပါတယ်။

အခုတော့ သူ့ရဲ့ အခန်းကဏ္ဍ ပြီးဆုံး သွားပြီဆိုတာ ထင်ရှားပါတယ်။ နောက်က ကပ်လိုက် လာတဲ့ ပုစ္ဆာ တခုကတော့ တရုတ် ခေါင်းဆောင်ပိုင်းမှာ ဒီနှစ်ကုန် ကျရင် အပြောင်းအလဲ ထပ်ရှိ လာမလား ဆိုတဲ့ မေးခွန်းပဲ ဖြစ် ပါတယ်။