ရွာသားတွေ အသတ်ခံရတဲ့ ကိစ္စ အမေရိကန် ပူးပေါင်းကူညီမှု မရှိ

  • 16 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန်က ပူးပေါင်းကူညီမှု မရှိဘူးလို့ Hamid Karzai ပြောပြီ

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက အာဖဂန် နစ္စတန်မှာ ရွာသား ၁၆ယောက်ကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အမေရိကန် တပ်သားရဲ့ အမည်ကို ကာကွယ်ရေး ဝန်ကြီး ဌာနက ထုတ်ပြန်လိုက်ပြီး အသက် ၃ဂ နှစ် အရွယ် ရှိပြီဖြစ်တဲ့ တပ်ကြပ်ကြီး Robert Bales လို့ ဆိုပါတယ်။ သူ့ကို အာဖဂန် နစ္စတန်က တရားရုံးမှာဘဲ စီရင်ဖို့ တောင်းဆိုနေတဲ့ ကြားက အမေရိကန်က နေရင်းနိုင်ငံကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ကန်းဆက်စ် ပြည်နယ် Fort Levenworth က အမေရိကန် စစ်အကျဉ်းထောင်မှာ ထိန်းသိမ်း ထားမယ်လို့ ဆိုပါတယ်။ မနေ့က သောကြာနေ့တုန်းကတော့ အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်းဟာ ရွာသားတွေ ကျန်ရစ်သူ ဆွေမျိုး မိသားစုတွေနဲ့ တွေ့ဆုံ ပြီးတဲ့နောက်၊ ဒီသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရာမှာ အမေရိကန်ဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်း ကူညီမှု မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန် ရဲ့ ပြောကြားချက်နဲ့ သူနဲ့တွေ့ခဲ့တဲ့ ဒေသခံ မျက်မြင်သက်သေ တချို့ရဲ့ ပြောဆိုချက်တွေက လုံးဝ ကွဲပြားနေတယ် ၊ ဒီပစ်ခတ်မှုမှာ သတ်ဖြတ်သူ တယောက် မကဘူးလို့ သမ္မတ ခါဇိုင်းက ဆိုပါတယ်။

အစောပိုင်းတုန်းကလည်း အမေရိကန် သမ္မတ အိုဘားမားက မစ္စတာ ခါဇိုင်းရဲ့ တောင်းဆိုချက် ဖြစ်တဲ့ အာဖဂန် ရွာတွေကနေ အမေရိကန် တပ်တွေ ရုတ်သိမ်းဖို့ ကိစ္စနဲ့ ပတ်သက်လို့ ဖုန်းဆက် စကားပြောခဲ့ပြီး ဒါကို ထပ်ပြီး ဆွေးနွေးကြဖို့ နှစ်ဖက် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။