ဆီးရီးယား အရေး ကိုဖီအာနန် သတိပေး

  • 16 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂနဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ ဆီးရီးယား အရေး ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် ကိုဖီအာနန်

ဆီးရီးယားမှာ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းချက်အပေါ် တုန့်ပြန်ပုံတွေကို စိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယား အရေးဆိုင်ရာ အဆင့်မြင့် သံတမန် Kofi Annan ကိုဖီ အာနန်က လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက် ပါတယ်။

ဆီးရီးယား သမ္မတ အာဆက်ဒ်နဲ့ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်စေမယ့် အဆိုပြုချက်တွေ တင်ပြနိုင်ခဲ့တဲ့ မစ္စတာ အာနန်က သူ့ကို ပေးထားတဲ့ တာဝန် ကြီးမားပုံကို သေချာ သဘောပေါက်ထားတယ်လို့ ပြောပါတယ်။

လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေကြားမှာလဲ ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနေကြပြီး ရှေ့ခရီးမှာ မှားယွင်း တွက်ချက်မိလို့ ထိန်းမနိုင် သိမ်းမရ အခြေအနေကို ဉီးတည်သွားပြီဆိုရင် ဒေသ တခုလုံးကို ရိုက်ခတ်သွားနိုင်တယ် ၊ အဲဒီအခါ ကိုင်တွယ် ဖြေရှင်းရတာ အရမ်းခက်ခဲ သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံမှာ လေ့လာစောင့်ကြည့်ရေး အဖွဲ့သစ် စေလွှတ်နိုင်အောင် ဆွေးနွေးဖို့ လာမယ့် သီတင်းပတ်မှာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ကို စေလွှတ်မယ်လို့လည်း သူက ပြောပါတယ်။ ဆီးရီးယား မှာတော့ အတိုက်အခံတွေက နိုင်ငံတလွှား လူထု ဆန္ဒပြပွဲတွေ ကျင်းပပြီး နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက် ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆီးရီးယား အစိုးရကတော့ မစ္စတာ အာနန်နဲ့ လက်တွဲ ဆောင်ရွက်ဖို့ အသင့်ဘဲလို့ ဆိုပေမယ့် သူတို့ အခေါ်အရ အကြမ်းဖက် သမားတွေကို ပြန်လည် ချေမှုန်းဖို့ သံန္ဒိတ်ဌာန် ချထားတယ်လို့ ပြောပါတယ်။