မီဒီယာ ဆွေးနွေးပွဲ ကျင်းပမည်

  • 16 မတ် 2012
myanmar media ဓာတ်ပုံ မူပိုင် Reuters
Image caption မီဒီယာလွတ်လပ်ခွင့်ရဖို့ မီဒီယာသမားတွေ ကြိုးစားသွားမယ်လို့ သိရပါတယ်

မြန်မာနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးပြီး ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးရဲ့ အထောက်အပံနဲ့ မီဒီယာမြှင့်တင်ရေး ဆွေးနွေး ပွဲကို မတ်လ ၁၉ နဲ့ ၂၀ နေ့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Media Development လို့ ခေါင်းစဉ်တပ် ထားတဲ့ ဒီဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပက မီဒီယာ သမားတွေပါဝင် ဆွေးနွေး ဖို့ရှိပြီး ဒီအလုပ်ရုံဆွေးနွေးပွဲဟာ ဒုတိယ အကြိမ် ပြုလုပ်တာဖြစ်ပါတယ်။

ပထမအကြိမ် ဆွေးနွေးပွဲကိုတော့ ဒီနှစ် အစောပိုင်းတုန်းက ကျင်းပခဲ့ပြီး ပြင်ပအခြေစိုက် သတင်းဌာနတွေလည်း တက်ရောက်ခဲ့ပါတယ်။

အခု ဒုတိယအကြိမ်ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ အရင်တကြိမ်ဆွေးနွေးပွဲရဲ့ အဆက်ဖြစ်ပြီး UNESCO ကလည်း သူရဲ့ မီဒီယာ အစီအစဉ်တွေအတွက် ပါဝင် ဆွေးနွေးနိုင်တယ်လို့ Open News အယ်ဒီတာချုပ် ဦးသီဟစောက ပြောကြားခဲ့ပါတယ်။

အခုတကြိမ်ဆွေးနွေးပွဲမှာ အစိုးရဘက်က မီဒီယာ ဥပဒေတွေနဲ့ပတ်သက်ပြီး ပိုမို ချပြနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နဲ့ မီဒီယာလွတ်လပ်ခွင့် ရနိုင်သလောက် ရအောင် ကြိုးစားသွားမယ်လို့ ဦးသီဟစောက ပြောပါတယ်။

မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတချို့ရဲ့ အလွဲသုံးစားမှု တွေနဲ့ ပတ်သက်ပြီး ဂျာနယ်တချို့မှာ ဖော်ပြခဲ့မှုတွေအတွက် ဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့ ကိစ္စကိုတော့ ဒီဆွေးနွေးပွဲမှာ ကြီးကျယ်တဲ့ အနှောက်အယှက် မဖြစ်နိုင်ဘူးလို့ Open News အယ်ဒီတာချုပ် ဦးသီဟစောက ပြောကြားခဲ့ပါတယ်။