ဆန်နူဆီကို စီရင်ချင်သူ များနေ

  • 17 မတ် 2012
senussi ဓာတ်ပုံ မူပိုင် Reuters
Image caption ရုံးတင် စီရင်ချင်သူ များနေတဲ့ ဆန်နူဆီ

မော်ရီတေးနီးယားက သူတို့ ဖမ်းဆီးရမိထားတဲ့ မစ္စတာ ဆန်နူဆီကို အရင်ဆုံး သူတို့ ကိုယ်တိုင် စုံစမ်း စစ်ဆေးမှုတွေ လုပ်ပြီးမှ တခြား လူတွေက ရုံးတင်ဖို့ တောင်းဆိုတာတွေ နဲ့ ပတ်သက်ပြီး စဉ်းစား သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လစ်ဗျား၊ ပြင်သစ် နဲ့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံး တို့က သူတို့တွေ ဆီကို မစ္စတာ ဆန်နူဆီကို လွှဲပြောင်း ပေးဖို့ တောင်းဆိုနေကြ ပါတယ်။

လစ်ဗျား ကြားဖြတ် အစိုးရ ရဲ့ ပြောခွင့်ရသူ နာဆာ အဲလ် မန်နာက မစ္စတာ ဆန်နူဆီကို လစ်ဗျားကို ပြန်ပို့ပေးဖို့ ထရစ်ပိုလီ ဘက်က တောင်းဆို ထားပြီး ဖြစ်ကြောင်း အတည်ပြု ပြောကြားပါတယ်။

သူက ဆက်လက်ပြီး ပြောကြား ရာမှာတော့ လစ်ဗျား အသွင်ပြောင်း အစိုးရ ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာနဘက်က မော်ရီတေးနီးယား ကို ဆက်သွယ်ပြီး လုပ်ထုံး လုပ်နည်းတွေ အတိုင်း အပြီးသတ် လုပ်ကိုင် ဆောင်ရွက် နေတဲ့ အကြောင်း၊ လစ်ဗျား အစိုးရဟာ အဗ္ဗဒူလာ အဲလ် ဆန်နူဆီကို လက်ခံဖို့ အတွက် အသင့် ဖြစ် နေပြီ ဖြစ်ကြောင်းနဲ့ သူ့ကို လစ်ဗျား နိုင်ငံအတွင်း က အကျဉ်းထောင် မှာထားပြီး လစ်ဗျားမှာပဲ မျှမျှတတ စီရင်သွား မှာ ဖြစ်ကြောင်း တွေကို ပြောသွားပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးကလည်း ဗိုလ်မှူးကြီး ကဒါဖီ ပြုတ်ကျ ခဲ့ရတဲ့ ပုန်ကန် ထကြွမှုတွေ ဖြစ်နေစဉ် အတွင်း သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် မနှစ်ထဲက သူ့ကို လူသား မျိုးနွယ် အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တွေအတွက်ဆိုပြီး ဖမ်းဝရမ်း ထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ကတော့ ၁၉၈၉ ခုနှစ်က ပြင်သစ် လူမျိုး ၅၄ ဉီး အပါအဝင် လေယာဉ်ပေါ် ပါလာတဲ့ လူအားလုံး အသက် ဆုံးရှုံး ခဲ့ရတဲ့ ပြင်သစ် ခရီးသည်တင် လေယာဉ် ကို ဗုံးခွဲ တိုက်ခိုက် ခဲ့မှုနဲ့ အလိုရှိ နေတာ ဖြစ်ပါတယ်။ ဒီအတွက် မစ္စတာ ဆန်နူဆီကို သူမပါဘဲ ရုံးတင်ခဲ့ပြီး အပြစ်ရှိ ကြောင်းကို စီရင်ချက် ချထားပြီး ဖြစ်ပါတယ်။