ယီမင်မှာ အမေရိကန်ကျောင်းဆရာတဦး ပစ်သတ်ခံရ

  • 18 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption မော်တော်ဆိုင်ကယ်တစီး မောင်းလာပြီး ဆိုင်ကယ် ပေါ်ကနေ ပစ်ခတ်ခဲ့

ယီမင်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တာအစ်ဇ် မြို့ ဘာသာစကားသင်ကျောင်း တခု မှာ စာသင်ပေးနေတဲ့ အမေရိကန် ကျောင်းဆရာ တဦး ပစ်သတ်ခံလိုက် ရပါတယ်။

မော်တော်ဆိုင်ကယ်တစီး မောင်းလာပြီး အနောက်မှာ ထိုင်နေတဲ့ သေနတ်သမားက အဲဒီဆရာကို ပစ်ခတ်ခဲ့ပြီး သူတို့ဟာ ဆိုင်ကယ်နဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ရဲက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အဲလ်ခိုင်းဒါးနဲ့ ဆက်စပ်နေတဲ့ အန်ဆာ အဲလ် ရှာရီယာ စစ်သွေးကြွအဖွဲ့က သူတို့ လုပ်တာလို့ ပြောပါတယ်။ ဒီဆရာဟာ လူတွေကို ခရစ်ယာန်ဘာသာ ဝင်ဖို့ စည်းရုံး လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း အဲဒီစစ်သွေးကြွတွေက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ယီမင်နိုင်ငံ တခြားနေရာတခုမှာ ဆွစ်ဇာလန် အမျိုးသမီး တဦး ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။ ဒီအမျိုးသမီးဟာလည်း အခုစစ်သွေးကြွအုပ်စုက ဖမ်းဆီးသွားတာ ဖြစ်ကောင်း ဖြစ်နိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ထွက်နေပါတယ်။

အစိုးရတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတောင်ပိုင်းက အဲလ်ခိုင်းဒါးတွေ အမာခံ ခြေကုပ်ယူလာနေပြီ ဖြစ်တယ်လို့ ယုံကြည်ရတဲ့ ဒေသတွေကို စစ်ဆင်ရေး အသစ်တခု ဆင်နွှဲနေတယ်လို့လည်း သတင်း တွေ ရရှိပါတယ်။