ပြင်သစ်နိုင်ငံ ဂျူးစာသင်ကျောင်း ပစ်ခတ်မှု

  • 19 မတ် 2012
France School ဓာတ်ပုံ မူပိုင် bbc
Image caption ပြင်သစ် ဂျူးစာသင်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့

ပြင်သစ် နိုင်ငံ အနောက်တောင်ပိုင်း Toulouse မြို့က Ozar Hatorah လို့ ခေါ်တဲ့ ဂျုး စာသင်ကျောင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ကလေး သုံးယောက်အပြင် ကျောင်းဆရာ တစ်ယောက်ပါ သေဆုံးခဲ့ရ ပါတယ်။

ကျောင်းတက်ချိန် မတိုင်ခင် ကျောင်းရှေ့ကို ကလေးတွေ စုရုံး ရောက်လာကြတုန်း အချိန်မှာ အသက် ၃၀ အရွယ် ကျောင်းဆရာရယ် သူ့ရဲ့ အသက် သုံးနှစ် နဲ့ ခြော က်နှစ် အရွယ် ကလေး နှစ်ယောက်တို့ သေဆုံးခဲ့ကြရပါတယ်။ သေဆုံးသူ နောက်ကလေး တစ်ယောက် ကတော့ အသက် ၈ နှစ်နဲ့ ၁၀ နှစ်ကြား အရွယ် ဖြစ်ပါတယ်။ သူကလည်း အဲဒီကျောင်းက တခြား ကျောင်းဆရာ တစ်ယောက်ရဲ့ ကလေးလို့ ဆိုပါတယ်။နောက်ထပ် အသက် ၁၇ နှစ် အရွယ် င်္ယောကျားလေး ကတော့ ဒဏ်ရာ အကြီး အကျယ် ရခဲ့ပါတယ်။

သေနတ်သမားက လူကြီး လူငယ် မရွေး တွေရာလူကို ပစ်ခတ်ခဲ့တာ ဖြစ်ပြီး တချို့ ကလေးတွေကို ကျောင်းထဲ အထိ နောက်ကလိုက်သွားခဲ့တယ်လို့ အဲဒီ မြို့က တရားရုံး ရှေ့နေက ပြောပါတယ်။

လောလောဆယ်တော့ သေနတ်သမားကို ရဲတွေက လိုက်လံ ရှာဖွေနေတယ်လို့ ပဲရစ် က ဘီဘီစီ သတင်းထောက် Hugh Schofield က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကလည်း ပြင်သစ်နိုင်ငံရဲ့ အဲဒီ အပိုင်း မှာပဲ အလားတူ ပစ်ခတ် တိုက်ခိုက်မှကြောင့် စစ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်က ဖြစ်ရပ်မှာ မော်တော်ဆိုင်ကယ် နဲ့ လာတဲ့ အမျိုးသား တစ်ယောက်က အာဖရိကတိုက် မြောက်ပိုင်းသားတွေ ဖြစ်ကြတဲ့ စစ်သား သုံးယောက် စလုံးကို ပစ်ခတ်ခဲ့တာပါ။

လေထီး တပ်သား တစ်ယောက်နဲ့ စစ်သား တစ်ယောက် သေဆုံးခဲ့ပြီး နောက်ထပ် စစ်သား တစ်ယောက် ကတော့ ဒဏ်ရာ ရခဲ့ပါတယ်။

စစ်သား တွေကို ပစ်မှတ်ထားတဲ့ သေနတ်သမားကို ရှာဖွေဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ အထူး အရာရှိတွေ အပါအဝင် ရဲ အရာရှိ ၆၀ လောက်ကို တာဝန်ချထား တယ်လို့ ပဲရစ် မြို့ က ဘီဘီစီ သတင်းထောက် Christian Fraser က ပြောပါတယ်။

ပြင်သစ် သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီက အချင်း ဖြစ်ပွားရာ နေရာကို ထွက်ခွါသွားခဲ့ ပါတယ်။ အဲဒီ တိုက်ခိုက်မှု နှစ်ရပ် အဆက် အစပ် ရှိမရှိ ဆိုတာ အတိအကျ ပြောနိုင်ဖို့ တော့ စောသေးပြီး ဘယ်လိုပဲ မဆို အခုလို ဖြစ်ရပ်ဟာ ပြင်သစ် လူထု တစ်ရပ်လုံး အတွက် စိတ်ထိခိုက် စရာ ပါပဲလို့ သမ္မတ ဆာကိုဇီက ဆိုပါတယ်။

အစ္စရေး နိုင်ငံ ကတော့ အခု တိုက်ခိုက်မှဟာ ထိတ်လန့် တုန်လှုပ်စရာ ဖြစ်တယ် လို့ ပြောဆိုပြီး ကျူးလွန်သူကို တရားဥပဒေ ရှေ့မှောက် ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှု နှစ်ခုဆက်စပ် နေတယ် ဆိုရင်တော့ ရဲတွေ အနေနဲ့ စစ်သားတွေ ကို ပစ်မှတ်ထားတိုက်ခိုက်သူ အစား လူတွေ ကို လိုက်သတ်နေတဲ့ အန္တရာယ် ကြီးမားတဲ့ လူသတ် သမားကို ရှာဖွေရတော့မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။