အဓမ္မ ခိုင်းစေမှု ၂၀၁၅ မှာ ချုပ်ငြိမ်းအောင်လုပ်မယ်

  • 19 မတ် 2012
Image caption စစ်တပ်မပါဘဲနဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေး မဖြစ်နိုင်ကြောင်း HRDB ကပြော

မြန်မာနိုင်ငံက အဓမ္မ ခိုင်းစေမှုတွေ ၂၀၁၅ မှာ အပြီးသတ် ချုပ်ငြိမ်းစေဖို့ မြန်မာအလုပ်သမား ဝန်ကြီးဌာနနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO တို့ ပူးပေါင်း လုပ်ဆောင်ကြရေး နားလည်မှု စာချွန်လွှာကို နေပြည်တော်မှာ ပြီးခဲ့တဲ့ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အလုပ်သမားဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကတော့ သုံးနှစ်အတွင်း အဓမ္မ ခိုင်းစေမှုတွေ ပပျောက်အောင်လုပ်နိုင်မယ်လို့ သူယုံကြည်ကြောင်း ဘီဘီစီကို ပြောပါတယ်။

၂၀၀၇ ခုနှစ်ကစလို့ တနှစ်ပြီးတနှစ် အဓမ္မခိုင်းစေမှုပပျောက်အောင် လုပ်ဆောင်နေတာဖြစ် ကြောင်းနဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အစိုးရ ဝန်ထမ်းတွေကိုILO ရဲ့ စည်ကမ်းချက်တွေကို သိရှိလာစေအောင် လုပ်ကာ အဓမ္မခိုင်းစေမှုတွေ ပပျောက်ရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဦးချစ်စိန်က ပြောပါတယ်။

အဓမ္မ ခိုင်းစေမှုတွေကို အဓိက လုပ်ဆောင် နေသူလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စွပ်စွဲကြတဲ့ စစ်တပ်က မပါဘဲနဲ့ အခုလို ပပျောက်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ရက် HRDB က ဦးမောင်မောင်လေးက ပြောပါတယ်။

အဓမ္မခိုင်းစေမှုတွေ မလုပ်ရအောင် စစ်တပ်ထဲမှာ အမိန့်ထုတ်ပြန်ပြီး၊ အဲဒီအမိန့်တွေကို လိုက်နာစေမယ့် လုပ်ထုံးလုပ်နည်းတွေကို စစ်တပ်ကပဲ ချမှတ် အကောင်အထည်ဖေါ် လုပ်ဆောင်ဖို့လိုကြောင်း ဦးမောင်မောင်လေးက ပြောပါတယ်။