ပြင်သစ်မှာ တိုက်ခိုက်မှု ၃ခု ဆက်နွယ်နေ

  • 20 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဆာကိုးဇီးက မဲဆွယ်စည်းရုံးမှုတွေ ဆိုင်းငံ့ထားလိုက်

ပြင်သစ်နိုင်ငံ Toulouse မြို့က ဂျူးစာသင် ကျောင်း တခုမှာ ဆရာတဦးနဲ့ ကလေး၃ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ သေနတ်သမားကို ရဲတွေက အကြီးအကျယ် ခြေရာခံ ရှာဖွေနေ ကြပါတယ်။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အဲဒီ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခုနဲ့ ဆက်နွယ် နေတယ်လို့ ရဲတွေက ယူဆနေပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေအတွင်း မြောက်အာဖရိကနွယ်ဖွား စစ်သား ၃ဦး သေဆုံးခဲ့ပါတယ်။

သမ္မတ ဆာကိုးဇီးက ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသမှာ အဆင့်အမြင့်ဆုံး အကြမ်းဖက်မှု အန္တရာယ် သတိပေးချက် ထုတ်ပြန်လိုက်ပြီး သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို ယာယီ ဆိုင်းငံ့ထားလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

သေနတ်သမားရဲ့လက်ချက်နဲ့ သေဆုံးသွားသူတွေအတွက် ဝမ်းနည်း ပူဆွေးနေကြသူတွေ အဲဒီ စာသင်ကျောင်းမှာ မနေ့ညက တညလုံး ဖယောင်းတိုင်ထွန်း ဝတ်ပြုခဲ့ကြပါတယ်။

အခု သေဆုံးသွားတဲ့ သူတွေ အားလုံးဟာ အစ္စရေးနဲ့ ပြင်သစ် ပူးတွဲ နိုင်ငံသား ခံယူထားသူတွေ ဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို အစ္စရေးနိုင်ငံမှာ မြှုပ်နှံမှာ ဖြစ်တယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

ဒီသတ်ဖြတ် တိုက်ခိုက်မှုအပေါ် အစ္စရေးနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှအောင် ဂျူးလူမျိုးတွေကို သတ်ဖြတ်မှုကြီး တခု ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ညာမင် နက်တာညာဟု က ပြောပါတယ်။

အမေရိကန် အစိုးရကလည်း ဒီသတ်ဖြတ်မှုဟာ လက်ခံနိုင်ဖွယ် မရှိတဲ့ အကြောင်းမဲ့သက်သက် အကြမ်းဖက်မှု လုပ်ရပ် ဖြစ်တယ် ဆိုပြီး အပြင်းထန်ဆုံး အသုံးအနှုန်းတွေနဲ့ ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ ဂျူးလူမျိုးများ ကွန်ဂရက်စ် အဖွဲ့ ဥက္ကဌ ကလည်း ဒီဖြစ်ရပ်ဟာ ကျိုးကြောင်း မပြနိုင်တဲ့ အော့နှလုံးနာစရာကောင်းလောက်အောင် ဆိုးရွားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဖေါ်ညွှန်း ပြောဆိုသွားပါတယ်။