ပြင်သစ် သေနတ်သမားကို ပိုက်စိပ်တိုက် ရှာနေဆဲ

  • 21 မတ် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို အစ္စရေး နိုင်ငံမှာ မြှုပ်ဖို့ သယ်သွား

ပြင်သစ်နိုင်ငံ Toulouse မြို့မှာ တနင်္လာနေ့တုန်းက သေနတ်သမားရဲ့ လက်ချက်နဲ့ ဂျူးကျောင်းဆရာတဦးနဲ့ ကလေးငယ် ၃ဦး အသတ်ခံခဲ့ရပုံကို လုံခြုံရေး ကင်မရာ ဗီဒီယိုခွေမှာ ပြန်ကြည့်တဲ့အခါ သေနတ်သမားဟာ Miriam Monsonego ဆိုတဲ့ အသက်၇နှစ်အရွယ် ကလေးမလေးကို သေနတ်နဲ့ အနီးကပ် ချိန်ရွယ် ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီကလေးမလေး ထွက်ပြေးဖို့ ကြိုးစားနေတုန်း သေနတ်သမားက ဆံပင်ကို ဖမ်းဆွဲထားတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

သေနတ်နဲ့ ပစ်စဉ် ကျည်ဆံ မထွက်ပဲ ဖြစ်နေတာကို သေနတ်သမားက သွေးအေးအေးနဲ့ နောက်သေနတ်တလက် ထုတ်ပြီး ပစ်သတ်ခဲ့ပါတယ်။

အဲဒီသေနတ်သမားကိုယ်ပေါ်မှာလည်း ဗီဒီယို ကင်မရာတခု ပတ်ထားတာတာကို တွေ့ရပြီး ပစ်ခတ်မှုတွေကို သူကိုယ်တိုင်က ဗီဒီယို ရိုက်ခဲ့ပုံ ရတယ်လို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Claude Gueant က ပြောပါတယ်။

သေနတ်သမားရဲ့ လက်ချက်နဲ့ သေဆုံးခဲ့သူ အဲဒီ၄ဦးစလုံးဟာ ပြင်သစ်နဲ့ အစ္စရေး ပူးတွဲ နိုင်ငံသား ခံယူထားသူတွေ ဖြစ်ကြပြီး သူတို့ ရုပ်အလောင်းတွေကို အစ္စရေးနိုင်ငံမှာ မြှုပ်နှံဖို့ လေယာဉ်နဲ့ သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။