အီရတ်နိုင်ငံတလွှား ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

  • 20 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ကာဘလာမြို့ ပေါက်ကွဲမှုကတော့ အပြင်းထန် ဆုံး ဖြစ်ပြီး လူ ၁၃ ဦးသေ

အီရတ်နိုင်ငံတလွှား ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ ကြောင့် လူပေါင်း ၄၅ ကျော်သေဆုံးသွားပြီး ရာနဲ့ချီ ဒဏ်ရာရရှိသွား ပါတယ်။

ရှီယာ မွတ်ဆလင်တို့ အထွဋ်အမြတ်ထားရာ ကာဘလာမြို့က ပေါက်ကွဲမှုကတော့ အပြင်းထန်ဆုံးသော တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမြို့မှာ ကားဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး လူပေါင်း ၁၃ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြော ပါတယ်။

နိုင်ငံမြောက်ဘက် ကီကွက် မြို့ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး၊ မြို့တော် ဘဂ္ဂဒက် မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန အနီးမှာ ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။

ကီကွတ်မြို့ စျေးဆိုင် ပိုင်ရှင်တဦးကတော့ လုံခြုံရေး တပ်ဖွဲ့တွေမှာ လိုအပ်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒါပေမယ့် ဘီဘီစီ သတင်းထောက် ပြောတာကတော့ ရှေ့အပတ်ထဲမှာ အာရတ်နိုင်ငံများ အဖွဲ့ချုပ် ထိပ်သီး အစည်းအဝေးကို အီရတ်အစိုးရက လက်ခံကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်လို့ အစိုးရအပေါ် ယုံကြည်မှု ပျက်ပြား စေအောင် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်တွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်တယ်လို့ ဆိုပါတယ်။