မက္ကဆီကိုနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်

  • 21 မတ် 2012
Image caption Mexico City မှာ လမ်းမတွေပေါ် လူတွေ ထွက်ပြေးခဲ့ကြရ

မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်းက ဒေသအတော်များများမှာ အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်သွားပါတယ်။

အဲဒီ ငလျင်ဟာ ပြင်းအား ခုနှစ် ဒဿမ လေး ရှိပြီး ပစိဖိတ် ကမ်းရိုးတန်း အနားက အကာပူလ်ကို မြို့နဲ့ သိပ်မဝေးတဲ့ ဂယ်ရယ်ရို နဲ့ ဝါဟားခါး ပြည်နယ်တွေနားကို ဗဟို ပြုပြီး လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေး ဌာန က ပြောပါတယ်။

လောလောဆယ် အဲဒီဒေသကနေ သတင်း အချက်အလက် အနည်းငယ်ပဲ ရပါသေးတယ်။

အဲဒီမှာ အိမ်ခြေ ၅၀၀လောက် ထိခိုက်ပျက်စီးခဲ့ပြီး တချို့ ပြိုကျခဲ့တယ်လို့ ဂယ်ရယ်ရို ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါပေမယ့် လူအသေအပျောက် ရှိတယ်လို့တော့ သူမကြားမိသေးဘူးလို့ ပြောပါတယ်။

ဂယ်ရယ်ရို ပြည်နယ်ရဲ့ အရေးပါတဲ့ အခြေခံ ဖွဲ့စည်း တည်ဆောက်မှုတွေအပေါ် ထိခိုက်မှု တစုံတရာ မရှိဘူးလို့ ပြည်နယ်ရဲ့ အရပ်သား ကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားရေးမှူးက ပြောပါတယ်။

ငလျင်ဒဏ်ဟာ Mexico City မြို့တော် အထိတောင် ရိုက်ခတ်ခဲ့ပြီး အဲဒီမှာ အချိန် အတော် ကြာကြာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပါတယ်။

အဆောက်အအုံတွေ ယိမ်းယိုင်သွားခဲ့ပြီး ရုံးဝန်ထမ်းတွေနဲ့ မြို့နေလူထုတွေ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။