ပြင်သစ် က လူသတ်သမား ကို ဝိုင်းမိထားပြီ

  • 21 မတ် 2012
france police ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် ရဲတွေဝိုင်းထားတဲ့ ရပ်ကွက်

ပြင်သစ် နိုင်ငံ Toulouse မြို့ က ဂျူး ကျောင်းသား သူငယ် ၃ဦး၊ ဂျူး ကျောင်းဆရာ တဦး နဲ့ ပြင်သစ် စစ်သား ၃ ဦး ကို ပစ်သတ်ခဲ့တယ် လို့ မသင်္ကာဘွယ်ရာ လူကို ပြင်သစ် ရဲတွေ က ခြေရာ ခံခဲ့ရာမှာ အသက်၂၄ နှစ်ရွယ် Algeria လူမျိုးနွယ် ပြင်သစ် နိုင်ငံသား Muhammed Merah ဆိုသူကို မြို့တွင်း က တိုက်ခန်းတွဲ အဆောက်အဦတခု မှာ ဝိုင်းမိ ထားပါပြီ။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Claude Gueant က သူဟာ လက်နက် အပြည့်အစုံ ရှိနေ တယ် လို့ ဆို ပါတယ်။

ရဲ တွေ ဘက် က ကြားဝင်စေ့စပ် နေသူတွေ အပြောအရ Mr Merah နဲ့ သူတို့ အဆက်အသွယ် ရနေပြီ ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အဦ က နေသူ အားလုံး ကိုလည်း ပြောင်းရွှေ့ နေစေပြီ ဖြစ်ကြောင်း သိရပါတယ်။

Muhammed Merah ဟာ ပြီးခဲ့တဲ့လ က ပြင်သစ်နိုင်ငံမှာ အပိတ်ပင်ခံရ အစ္စလာမ်မစ် အုပ်စုဖြစ်တဲ့ ဂုဏ်သရေရှိ သူရဲကောင်းများ အဖွဲ့လို့ အမည်ရတဲ့ ဖိုဆန်း အလီဆာ Forsane Alizza အုပ်စုနဲ့ ပတ်သက် ဆက်နွယ်မှု ရှိတယ် လို့ ပြင်သစ် သတင်းဌာန BFM TV ကပြောဆိုပါတယ်။

သူ့ရဲ့ အိမ်နီးချင်းတွေကတော့ Muhammed Merah ဟာ အေးအေးဆေးဆေး နေထိုင်သူဖြစ်တယ်၊ ဘာမှ ထွေထွေထူးထူး လုပ်သူတယောက် မဟုတ်ဘူးလို့ ပြောဆိုနေပေမယ့် သူဟာ Toulouse မှာ ဥပဒေ ချိုးဖောက်သူ တဦး အနေနဲ့ သိကြပြီး သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တချို့ ဆိုရင် အတော်ကို ရက်စက် ပြင်းထန်တယ် လို့ ပြင်သစ်သတင်းစာ Le Figaro က ထုတ်ဖော် ပြောဆို ပါတယ်။

ဒါပေမယ့် သူဟာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှု တွေနဲ့တော့ အရင်က ပတ်သက်မှု မရှိ ခဲ့ပါဘူး။

Muhammed Merah ဟာ ပါကစ္စတန်နိုင်ငံကို ၂၀၁၀ မှာ တကြိမ်၊ ၂၀၁၁ မှာ တကြိမ် သွားရောက်ခဲ့ပြီး အရင်က တာလီဘန်တွေ ခြေကုတ်ယူခဲ့တဲ့ အာဖဂန် နစ္စတန် နိုင်ငံ ကန်ဒါဟာ မြို့ မှာ လည်း အာဖဂန် နိုင်ငံရဲ့ ဥပဒေ အရ အဖမ်းခံခဲ့ရ ဖူးတယ် လို့ ပြင်သစ်ရဲ တွေ က ဆိုပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေ ဟာ ပါလက်စတိုင်း ကလေးငယ် တွေအတွက် ဂလဲ့စားချေတာဖြစ်သလို၊ ပြင်သစ်နိုင်ငံရဲ့ ပြည်ပနိုင်ငံများ အပေါ် ဝင်ရောက်စွက်ဖက်မှု တွေကြောင့် အခုလို လုပ်ခဲ့တာဖြစ်တယ်လို့ Muhammed Merah က ပြောကြားခဲ့ကြောင်း ပြင်သစ် အာဏာပိုင်တွေက ဆိုပါတယ်။