ဆီးရီးယား ငြိမ်းချမ်းရေး အာနန် စီစဉ်ပေး

  • 22 မတ် 2012
syria ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား ပစ်ခတ်မှု ရပ်တန့်ရေး လုံခြုံရေး ကောင်စီ ဖိအားပေး

ဆီးရီးယားမှာ အကြမ်းဖက် သတ်ဖြတ်နေတာ တွေ ရပ်တန့်သွားဖို့ ရက်သတ္တပတ် တွေနဲ့ ချီပြီး ညှိနှိုင်း ဆွေးနွေးကြ ပြီးနောက် အထူး ကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လုံခြုံရေး ကောင်စီ တခုလုံးက ကန့်ကွက်သူ မရှိ ထောက်ခံခဲ့ပါတယ်။

မစ္စတာ အာနန်ရဲ့ အကြံပြုချက် တွေကို ချက်ချင်း အကောင်အထည် ဖော် ဆောင်ရွက်ဖို့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံ တွေကို လုံခြုံရေး ကောင်စီ က တောင်းဆို ထားတာကို မဖြစ်မနေ လိုက်ပါ ဆောင်ရွက်စရာ မလိုတဲ့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

လူမှု ကယ်ဆယ်ရေး သမားတွေ ဝင်ခွင့် ပြုဖို့ အပါအဝင် အစိုးရတပ် တွေကို မြို့ တွေ ရွာတွေက ပြန်ဖယ်ရှား ပေးဖို့ တွေလည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလုပ်ငန်းစဉ် တွေကို လျစ်လျူ ပြု ထားရင် ဖိအား ပိုပေးရလိမ့်မယ်လို့ လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ဆီရီးယား သမ္မတ အာဆတ်ကို သတိပေး ထားပါတယ်။

ကုလ သမဂ္ဂ က တရားဝင် ပြဋ္ဌာန်း ဆုံးဖြတ်ချက် ထုတ်ပြန်ဖို့ ကြိုးစားတာ တွေကို ရုရှနဲ့ တရုတ် နိုင်ငံတွေက ဗီတို အာဏာနဲ့ ပယ်ချ ခဲ့ဖူးပါတယ်။