Bamako မြို့မှာ စစ်တပ်က ဆိုင်တွေကို လုယက်

  • 24 မတ် 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဆန်နိုဂို

မာလီမှာ စစ်တပ် အာဏာသိမ်း ခေါင်းဆောင် Amadou Sanogo က လက်ရှိ ရာထူးမှာ ဆက်နေဖို့ ဆန္ဒမရှိတော့ဘူးလို့ ဘီဘီစီကို ပြောပြီး စစ်တပ် အနေနဲ့ တိုင်းပြည်လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခါ သူရာထူးက နှုတ်ထွက်မယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ နိုင်ငံမြောက်ပိုင်းက Tuareg သူပုန်တွေကို နှိမ်နင်းဖို့ လက်နက်လည်း အပြည့်အစုံ မရှိဘူး တပ်သားတွေကိုလည်း ကောင်းကောင်း လေ့ကျင့်ထားတာ မရှိဘူးလို့ သူက ငြီးတွား ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တပ်မှူးကြီး ဆန်နိုဂိုရဲ့ တပ်ဖွဲ့ဝင်တွေဟာ Bamako မြို့တော်က ဆိုင်တွေမှာ ဝင်ရောက် ခိုးဆိုး လုယက်မှုတွေ လုပ်နေတယ် ၊ စစ်တပ်က ဆုတ်ခွာလိုက်တဲ့ မြောက်ပိုင်းက မြို့တော်တော်များများကို သူပုန်တွေက သိမ်းလိုက်ပြီ ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဘာမာခို မြို့က အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေရဲ့ ကောလသဟာလတွေ ထွက်ပေါ်လာချိန်မှာ ကတ်ပတိန် ဆန်နိုဂို အသတ်ခံလိုက်ရပြီ ဆိုတဲ့ သတင်းတွေဟာ မမှန်ပါဘူးလို့ သူ့သစ္စာခံ တပ်ဖွဲ့တွေက နိုင်ငံပိုင် ရုပ်မြင်သံကြား ပေါ်ကနေ ပြောကြားခဲ့ပါတယ်။