တာလေငလျင် တနှစ်ပြည့်ခဲ့ပေမယ့် ဒေသခံတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲ

  • 25 မတ် 2012
tarlay ဓာတ်ပုံ မူပိုင် AP
Image caption တာလေ ငလျင် လှုပ်ခဲ့စဉ်က ပျက်ဆီးခဲ့တဲ့ လမ်းတနေရာ

ရှမ်းပြည်နယ် အရှေ့ပိုင်းက တာချီလိတ် မြို့နယ် တာလေ ဒေသမှာ ပြင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင် လှုပ်ခဲ့တာ မတ်လ ၂၄ ရက်မှာ ၁ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသခံတွေ ရဲ့ ဘဝ အခြေအနေ တွေဟာ ဆိုးဝါး နေဆဲ ဖြစ်သလို အကူအညီ တွေလဲ လိုအပ် နေဆဲ ဖြစ်ပါတယ်။

ငလျင်လှုပ် ခဲ့တာ ၁ နှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဒေသခံ အများစုမှာ စိတ်ဝေဒနာ ခံစား နေကြ ရသေးသလို ငလျင် ထပ်လှုပ်မှာကိုလဲ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

တာလေမှာ ငလျင် နှစ်ပတ်လည် မတိုင်ခင် ၄-၅ ရက် အလိုထဲက အိမ်ပြင် နဲ့ အိမ်နောက်ဖေး တွေမှာ တဲထိုးပြီး ထွက်အိပ် နေကြပါတယ်။ အကြောင်း ကတော့ ဂျပန် ငလျင် ၁ နှစ် ပြည့်တုန်းက လိုမျိုး ၁ နှစ်ပြည့်ချိန် မှာ နောက်ထပ် ထပ်လှုပ်မှာ စိုးကြလို့ ဖြစ်ကြောင်းနဲ့ လုံခြုံမှု မရှိသလို ခံစား နေရတဲ့ အတွက် ဖြစ်ကြောင်း တွေကို ဒေသခံ တဉီးက ပြောပါတယ်။

ဒေသခံတွေမှာ စိတ်ပိုင်း ဆိုင်ရာမှာ ထိခိုက် ခံစား နေရသလို လယ်ယာမြေတွေ ဟာလဲ ပြန်လည် လုပ်ကိုင်စားသောက် လို့မရ ဖြစ်နေပြီး အိုးအိမ် တိုက်တာ တွေအတွက်လဲ အခက်အခဲ တွေ ကြုံနေကြ ရပါတယ်။

ငွေရေးကြေးရေး မလုံလောက်လို့ အိုးအိမ် တွေ တည်ဆောက်တာ မပြီးနိုင်သေးဘဲ အကူအညီတွေလဲ လိုအပ်နေဆဲ ဖြစ်ပါတယ်။ အစိုးရက တအိမ်ကို ၁၂ သိန်း စီ ထောက်ပံ့ ပေးပေမယ့် အရစ်ကျ ခွဲပေး တာကြောင့် အခက်အခဲ ဖြစ်နေရတာ ဖြစ်ပါတယ်။ နောက်ပြီး ဘုန်းကြီးကျောင်း တော်တော် များများလဲ ဆောက်လုပ်လို့ မပြီး သေးတဲ့ အကြောင်း အဲဒီ ဒေသခံက ပြောပါတယ်။

ကျန်တဲ့ အစားအသောက် နဲ့ အဝတ်အစား တွေ အတွက်တော့ ချင်းမိုင်၊ တာချီလိတ်၊ မယ်ဆိုင်၊ ကျိုင်းတုံ၊ မိုင်းဖြတ် စတဲ့ ဒေသတွေက စေတနာရှင် တွေက လာရောက် ကူညီ လှူဒါန်း ကြတဲ့ အတွက် အဲဒီအပိုင်းမှာ တော့ အခက်အခဲ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က လှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ရွာပေါင်း ၉၀ ကျော် နဲ့ လူ ၂၀၀၀၀ နီးပါး ငလျင်ဒဏ် ခံစား ခဲ့ရပြီး၊ လူ ရာနဲ့ချီပြီး သေကြေ ပျက်ဆီးခဲ့ရသလို ၃၀၀၀ ကျော်လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဆုံးရှုံးမှု တန်ဘိုး အားဖြင့်တော့ မြန်မာငွေ ကျပ် သန်း ၃၀၀၀ ကျော်၊ အမေရိကန် ဒေါ်လာ ၃ ဒဿမ ၆ သန်းလောက် ရှိတယ်လို့ ငလျင် ကယ်ဆယ်ရေး ကော်မတီ က ထုတ်ပြန်တဲ့ စာရင်းတွေ မှာ ဆိုပါတယ်။

ဒီအတွက် ပြန်လည် ထူထောင်ရေး တွေလုပ် နေကြပြီး ၂၀၁၂ ဧပြီ လ မှာ အပြီးသတ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာန က တာဝန်ရှိသူ တွေက ပြောကြောင်း ၂၁ ရက်နေ့ ထုတ် MRTV-4 ရဲ့ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။