ဒုံးပျံလွှတ်တင်ပါက မြောက်ကိုရီးယား ပိတ်ဆို့အရေးယူခံရနိုင်

  • 25 မတ် 2012
သမ္မတအိုဘားမားနဲ့ မြောက်ကိုရီးယား သမ္မတသတင်းစာရှင်း ဓာတ်ပုံ မူပိုင် Reuters
Image caption အိုဘားမားနဲ့ မြောက်ကိုရီးယား သမ္မတ သတင်းစာရှင်း

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ချိန်းခြောက် ရန်စ မှုတွေ လုပ်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရက အာကာသထဲကို ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ဖို့ စီစဉ်နေတဲ့ အတွက် အခုသတိပေးချက် ထွက်လာတာဖြစ် ပါတယ်။

ဆိုးလ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ နျူးကလီးယား လုံခြုံရေးဆိုင်ရာ အစည်းအဝေး မစမီ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်နဲ့ အတူ အိုဘားမားက အခုလို ပြောခဲ့တာဖြစ်ပါတယ်။

တကယ်လို့ အခု ဒုံးပျံလွှတ်မယ့် အစီအစဉ်ကို ဆက်လုပ်ရင် မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန်အဖြစ် ဝိုင်းပယ်ခံရနိုင်တယ်လို့ ခေါင်းဆောင် နှစ်ယောက်က သတိပေး ပြောကြားပါတယ်။

မြောက်ကိုရီးယားက သူလုပ်ရမယ့် တာဝန်တွေက ဘာဆိုတာ သိနေသလို ဒါကို နောက်မဆုတ် တမ်းလုပ်ဖို့ အခုပြဿနာမှာ အမေရိကန်ရော တောင်ကိုရီးယားကပါ တသံတည်း ညီညွတ်မှု ရှိတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

သမ္မတလီကတော့ မြောက်ကိုရီးယားရဲ့ ချိန်းခြောက် ရန်စမှုတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ နှစ်ဘက်သဘောတူထားသလို တောင်ကိုရီးယား အမေရိကန်တို့ စစ်ရေးအရ အသင့်ဖြစ်နေအောင် အမြဲ အားဖြည့်နေတယ်လို့ ဆိုပါတယ်။

တဖက်ကလည်း မြောက်ကိုရီးယား အနေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ရွေးမယ်ဆိုရင် ပြည်သူလူထု ဘဝတိုးတက်ရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကူညီဖို့ အဆင်သင့်ပဲလို့ တောင်ကိုရီးယား သမ္မတက ဆက်ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ Kim Il-sung မွေးနေ့ အနှစ်၁၀၀ ပြည့် အထိမ်း အမှတ် အဖြစ် လာမယ့် ဧပြီလ ၁၂ ရက်နဲ့ ၁၆ ရက် အတွင်း အာကာသထဲကို ဂြိုဟ်တု လွှတ်တင်မှာဖြစ်ပါတယ်။ အခုအခါ ဒုံးပျံရဲ့ အဓိက အစိပ်အပိုင်းတွေကို လွှတ်တင်မယ့် နေရာကို တနင်္ဂနွေနေ့ ဒီကနေ့မှာ စရွှေ့နေပြီလို့ တောင်ကိုရီးယား လုံခြုံရေး အရာရှိတွေက ပြောနေကြပါတယ်။