ဆူဒန်နဲ့ တောင်ပိုင်းဆူဒန် နှစ်ဖက် စစ်တပ် တိုက်ခိုက်

  • 27 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်ပိုင်း ဆူဒန်သွားမယ့် ခရီးကို ဖျက်သိမ်း လိုက်တဲ့ သမ္မတ အိုမား အယ် ဘတ်ရှား

ဆူဒန် နိုင်ငံနဲ့ တောင်ပိုင်း ဆူဒန် နိုင်ငံကြား နယ်စပ်ဒေသတွေမှာ နှစ်ဖက်တပ်တွေကြား ပစ်ခတ်တိုက်ခိုက်မှု အတော်များများ ဖြစ်ပွားခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက တောင်ပိုင်း ဆူဒန်နိုင်ငံ တရားဝင် လွတ်လပ်ရေး ရခဲ့ပြီးတဲ့နောက် အကြီးဆုံး နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်တယ်လို့ တောင်ပိုင်း ဆူဒန်ရဲ့ လက်နက်ကိုင်တပ် ပြောခွင့်ရသူ တယောက်က ဘီဘီစီကို ပြောပါတယ်။

တဖက်နဲ့ တဖက် သူစပစ်တာ ကိုယ်စပစ်တာလို့ စွပ်စွဲ ပြောဆိုနေကြပြီး ဆူဒန် သမ္မတ Omar al-Bashir တောင်ပိုင်း ဆူဒန် နိုင်ငံ ဂျူဘားမြို့မှာ ထိပ်သီး အစည်းအဝေး မတက်ရောက်ခင် တပတ်အလိုမှာ အခုလို နှစ်ဖက်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဆူဒန်နိုင်ငံက ရေဒီယို ကြေညာချက်တွေ အရ အခုတော့ သမ္မတ အိုမာအယ် ဘတ်ရှားဟာ ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။