ကိုဖီအာနန် နဲ့ မက်ဒ်ဗီးရေးဒက်ဖ် ဆွေးနွေး

  • 26 မတ် 2012
anann_
Image caption ကိုဖီအာနန် နဲ့ ရုရှ သမ္မတ

သမ္မတ Dmitry Medvedev က Kofi Annan ရဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကို အပြည့်အဝ ထောက်ခံ တဲ့ အကြောင်း ခိုင်ခိုင်မာမာ ပြောကြား လိုက်ပြီး သူ့သဘောထား ကို လည်း ရှင်းပြသွားပါတယ်။

Mr Annan ဟာ ဆီးရီးယား ငြိမ်းချမ်းရေး အထူးမစ်ရှင် အနေနဲ့ လာတဲ့ အတွက် ဒီကြိုးပမ်းချက်တွေ ကို အထူးတလည် လေးစားတဲ့ အကြောင်း၊ ဆီးရီးယား အစိုးရ အနေနဲ့ လည်း ကြာရှည်နေပြီ ဖြစ်တဲ့ သွေးမြေကျ ပြည်တွင်းစစ် ရပ်တန်း က ရပ်ဖို့ အခု အချိန် ဟာ နောက်ဆုံး အခွင့်အရေး ဖြစ်နေပုံနဲ့ ဒါကြောင့်မို့ Russia အစိုးရ အနေနဲ့ ဘယ်ပုံစံ၊ ဘယ်လိုနည်း နဲ့ ဖြစ်ဖြစ် Mr Annan ကို ကူညီထောက်ခံမှု ပြုမှာပါ၊ Mr Annan ရဲ့ ကြိုးပမ်းမှုတွေ ဟာလည်း အပြုသဘောဆောင်တဲ့ ရလဒ်တွေ နဲ့ အဆုံးသတ် ပါစေ လို့ သမ္မတ Dmitry Medvedev က ပြောသွားပါတယ်။

ဒါဆိုရင် ရုရှား က ဘာလုပ်ပေးမှာ ပါလည်း၊ တကယ်တော့ ရုရှားဟာ ဆီးရီးယား ရဲ့ ကာလ ရှည်ကြာနေပြီ ဖြစ်တဲ့ မဟာမိတ် နိုင်ငံပါ။ လက်နက်ခဲယမ်းတွေ အဓိက ရောင်းချနေတာ ဖြစ်သလို ဆီးရီးယား နိုင်ငံတွင်းမှာလည်း ရင်းနှီးမြှုပ်နှံမှု တွေ ပြုထာတါပါ။ ဒါကြောင့်မို့ သြဇာသက်ရောက်မှု တော့ အထိုက်အလျှောက် ရှိပါတယ်။ ဒါဆိုရင် သမ္မတ အာဆဒ် ကို ပြည်တွင်းစစ်ထိုးမှု တွေ ရပ်ဆဲ ဖို့ ဖိအားပေး ပြောမှာပါလား၊ ဒီအချက်ကိုတော့ သမ္မတ Dmitry Medvedev က ရှင်းရှင်းလင်းလင်းပြောမသွားပါဘူး။ ငြိမ်းချမ်းမှု ဖြစ်ရအောင်၊ ရက် အကန့်အသတ် တို့၊ ပြင်းပြင်းထန်ထန် သတိပေးတာတွေ မပါဝင် ပါဘူး။

အဲဒီအတွက် အထူးသံတမန် အနေ နဲ့ ရောက်လာတဲ့ Kofi Annan ကလည်း သံခင်း တမန်ခင်း ပြောတဲ့ လေသံနဲ့ ပဲ ဆက်ပြီး လုပ်ဆောင်ရမယ့် ကိစ္စ ရပ်တွေ ထဲမှာ ရုရှ ရဲ့ ထောက်ခံမှု နဲ့ အကြံဉာဏ် ကို အားကိုးပုံ၊ ဆီးရီးယား ဟာ Mr Medvedev ပြောသလို ပူးတွဲ လုပ်ဆောင်ရမယ့် အခွင့်အရေး ကို အမိအရ ကိုင်ပြီး တိုက်ခိုက်မှု တွေ ရပ်ဆိုင်းယင်း၊ လူသားချင်းစာနာ ကူညီမှု တွေပါ ခွင့်ပြုမယ် ဆိုရင် အားလုံးရည်မှန်းတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ငြိမ်းချမ်းစွာ နဲ့ ပြေလည်သွားမှာပါ လို့ Kofi Annan ပြောသွားပါတယ်။

ဒါပေမယ့် ရုရှ နိုင်ငံခြားရေး ဝန်ကြီး Sergi Lavrov ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆီးရီးယား ပြည်တွင်းရေး မှာ ဝင်မစွက်ဖက်ဖို့၊ ဘက်မလိုက်ဖို့ ဆီးရီးယား အတိုက်အခံ အင်အားစု ကို နိုင်ငံရေး အရရော၊ စစ်ရေး အရပါ မကူညီဖို့ ရည်ညွှန်းတဲ့ လေသံ ကို Kofi Annan နဲ့ တွေ့ဖုံ အပြီးမှာ ပြောပုံ ကို Moscow မှ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ လိုက်ပါတယ်။