နျူကလိယပ် ထိပ်သီး ညီလာခံ

  • 27 မတ် 2012
_obama ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆိုလ်းမြို့တော် ရောက် သမ္မတ အိုဘားမား

တောင်ကိုးရီးယား ၊ဆိုလ်းမြို့မှာ နှစ်ရက်ကြာ ကျင်းပတဲ့ နျူကလီးယား လုံခြုံရေး ထိပ်သီးညီလာခံ မှာ တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင် ၅၃ ဦးစလုံးက နျူကလီးယား အကြမ်းဖက် ချိန်းခြောက်မှု ကို တိုက်ဖျက်ရေး အပိုင်းမှာ ခိုင်မာ လေးနက်တဲ့ အရေးယူမှု ပြုကြဖို့ အချက်ကို နောက်ဆုံး ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြ ထားပါတယ်။

နျူကလီးယား အကြမ်းဖက် ချိန်းခြောက်မှု ဟာဆိုရင် တကမ္ဘာလုံး ကို စိမ်ခေါ် ချိန်းခြောက် မှုထဲ မှာ တခု အပါအဝင် ဖြစ်တယ် လို့ ပြောကြပါတယ်။ ဒါကြောင်မို့ ခိုင်မာ တဲ့ အမျိုးသားရေး မူဝါဒ တွေ နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ဟာ ဆိုရင်၊ အကြမ်းဖက်သမားတွေ ရဲ့ လက်ထဲ နျူကလီးယား ဆိုင်ရာ ပစ္စည်းတွေ မကျရောက်ဖို့ အရေးကြီးတဲ့ အကြောင်း ဆွေးနွေး ကြတါပါ။

တကယ်တော့ ဒီ ထိပ်သီးညီလာခံ ဟာ နျူကလီးယား အကြမ်းဖက် ချိန်းခြောက်မှု ကို အလေးပေး အာရုံစိုက် ကြတယ် ဆိုပေမယ့် မြောက်ကိုးရီးယား နဲ့ အီရန် ရဲ့ နျူကလီးယား အစီအစဉ် တွေ အပေါ်မှာ နိုင်ငံတကာ က စိုးရိမ်နေချိန် နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

အမေရိကန်သမ္မတ အိုဘားမား ဟာ ပါကစ္စတန် သမ္မတ ဂီလာနီ နဲ့လည်း တွေ့ဆုံ ဆွေးနွေး ပါတယ်။ ဒီတွေ့ဆုံမှု ဟာဆိုရင် ပြီးခဲ့တဲ့ နှစ် မေလ က အမေရိတန် တပ်ဖွဲ့ဝင်တွေ ကနေ ပါကစ္စတန် မှာ အိုစမာ ဘင်လာဒင် ကို ပစ်သတ်မှု အပြီးမှာ ပထမဆုံး အကြိမ် တွေ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ဆင်ရေး ကြောင့် နှစ်နိုင်ငံကြား မှာ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့ရတါပါ။ ကနေ့ ခေါင်းဆောင်နှစ်ယောက် တွေ့ကြရာမှာတော့ အိုဘားမား က ပါကစ္စတန် အစိုးရ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ယင်း သင့်မြတ်မျှတ မှု နဲ့ အတူ၊ အမေရိကန် ရဲ့ လုံခြုံရေး လိုအပ်ချက် ကို လေးစားဖို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။