ဆီးရီးယား တပ်တွေ ကလေးတွေ ကို နှိပ်စက်ညှင်းပမ်း နေတယ် လို့ ကုလ ပြော

  • 28 မတ် 2012
navi pillay
Image caption ဆီးရီးယား စစ်တပ် က ကလေးငယ် တွေကို ဓားစာခံ လုပ်နေ လို့ ကုလသမဂ္ဂ စွပ်စွဲ

ကလေးငယ် တွေကို ဖမ်းဆီးတာ ညှင်းပမ်း နှိပ်စက်တာ စတဲ့ ကိစ္စတွေ ကို ဆီးရီးယား အစိုးရက စနစ် တကျ လုပ်ဆောင် နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာ မင်းကြီး မစ္စ နာဗီ ပီလေး က စွပ်စွဲ ပြောဆို လိုက် ပါတယ်။

အထိန်း အသိမ်းခံနေရတဲ့ ရာနဲ့ချီတဲ့ ကလေးတွေအတွက် တော်တော်ကို စိုးရိမ် တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး က ဘီဘီစီ ကို ပြောပါတယ်။

သူတို့တွေဟာ ရည်ရွယ်ချက် မျိုးစုံနဲ့ ရာနဲ့ချီတဲ့ ကလေးတွေကို ဖမ်းတယ်၊ နောက်ပြီး နှိပ်စက်တယ်၊ ဒါတွေဟာ တကယ့်ကို ကြောက်ခမန်းလိလိ ဆိုးရွားပါတယ်၊ ကလေးတွေရဲ့ ဒူးခေါင်းတွေကို သေနတ်နဲ့ ပစ်တယ်၊ ပြီးတော့ လူမဆန် လောက် အောင်ပဲ လူကြီးတွေ နဲ့ ရောနှောပြီးဖမ်းဆီးတယ်၊ သူတို့ရဲ့ ဒဏ်ရာတွေအတွက် ဆေးဝါးကုသမှု ကို ခွင့်မပြုတာ ရှိသလို သတင်းရဖို့ ဆိုပြီးဓားစာခံ အနေနဲ့ ဖမ်းထားတာ တွေလည်း ရှိတယ်၊ ဒါကြောင့် အခု လုပ်ရပ်တွေဟာ ကလေးတွေကို တမင်တကာ ရည်ရွယ်ပြီး လုပ်တာ ဖြစ်သလို စနစ် ကျကျ စီစဉ် လုပ်ဆောင်နေတယ်လို့ ပြောရင်ရပါတယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး က ပြောကြားခဲ့ ပါတယ်။

ဆီးရီးယား ဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို ဆက်လက် ကျူးလွန်နေတယ်ဆိုတာ သိသာပါတယ်၊ ဒါကို ရပ်တန့်အောင်လုပ်ဖို့ကလဲ ဒီလောက်မခက်ပါဘူး၊ ဆီးရီးယားသမ္မတ ဘာရှား အယ်လ အာဆတ် က သာ ဒီ သတ်ဖြတ်မှုတွေ ချက်ချင်း ရပ်ဖို့ အမိန့်တချက် ပေးလိုက်ရင် လုံခြုံရေးတပ်တွေက ရပ်တန့်သွားမှာပါ လို့ သူက ဆက်ပြီး ပြောပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေ ရဲ့ ပြည်သူတွေ အပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေဟာ သမ္မတ အာဆတ်ရဲ့ အမိန့်ပေးတာကြောင့် ဖြစ်တယ် ဆိုတဲ့ လုံလောက်တဲ့ သက်သေ အထောက်အထား ရှိတယ်၊ ဒါကြောင့် သမ္မတ အာဆတ်ဟာ ဒီသတ်ဖြတ်မှုတွေ အားလုံး အတွက် တရားဥပဒေကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး က ပြောပါတယ်။