ဘဂ္ဂဒက်မြို့မှာ အာရပ်အဖွဲ့ချုပ် အစည်းအဝေးကျင်းပ

  • 29 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အာရပ်နိုင်ငံများအဖွဲ့ချုပ် အဖွဲ့ဝင် ၂၂ နိုင်ငံထဲ က ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်

နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ဘဂ္ဂဒက်မြို့မှာ ပထမဦးဆုံး ပြုလုပ်တဲ့ အာရပ် နိုင်ငံများ အဖွဲ့ချုပ် ထပ်သီး အစည်းအဝေးကို စတင် ကျင်းပတယ် ဆိုရင်ပဲ ဘဂ္ဂဒက်မြို့လယ်မှာ ချက်ခြင်း ဆိုသလို ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ရောကက်၊ မော်တာကျည်တွေနဲ့ လည်း ပစ်ခတ်မှုတွေ ရှိတယ်လို့ သတင်းတွေ ရရှိပါတယ်။

လုံခြုံရေး အကြီးအကျယ် ချထားတဲ့ အထူးဇုန်ဖြစ်တဲ့ ဘဂ္ဂဒက်မြို့ Green Zone အနီးမှာလည်း ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး၊ နောက်တခုကတော့ အီရန်သံရုံးနားမှာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ တဦးက ပြောပါတယ်။

ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးပါ။

အာရပ်နိုင်ငံများအဖွဲ့ချုပ် အဖွဲ့ဝင် ၂၂ နိုင်ငံရှိတဲ့ အနက် ၁၀ နိုင်ငံက ခေါင်းဆောင်တွဟာ အစည်းအဝေးကို တက်ရောက် နေကြပြီး၊ ဆီးရီးယား အကျပ်အတည်းကို အဓိကထား ဆွေးနွေးမယ်လို့ မျှော်လင့်ရ ပါတယ်။