စီးပွားရေးတိုးတက်စ၅နိုင်ငံက ကမ္ဘာ့ဘဏ်နဲ့ စင်ပြိုင်ထောင်မည်

  • 29 မတ် 2012
BRICS ငါးနိုင်ငံမှခေါင်းဆောင်များ ဓာတ်ပုံ မူပိုင် BBC World Service
Image caption BRICS ငါးနိုင်ငံမှခေါင်းဆောင်များ

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ ဘရာဇီးလ် ရုရှား အိန္ဒိယ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေပါဝင်တဲ့ BRICS အဖွဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။ BRICS ဆိုတဲ့ စီးပွားရေးကြီးထွားစနိုင်ငံ ၅ နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးမှာ အဓိက အင်အားကြီး ဖြစ်နေပြီးသားပါ။သူတို့တွေရဲ့ စီးပွားရေး ကူးလူးလှုပ်ရှားမှုတွေဟာလည်း အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့ထက် ပိုပါတယ်။ သူတို့ အချင်းချင်း ကုန်သွယ် ဆက်ဆံမှုနဲ့ စီးပွားရေး ဖွံဖြိုးဆဲ နိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေဟာလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခိုင်ခိုင်မာမာ ကြီးထွားလာလျက် ရှိပါတယ်။

BRICS မှာ ထူးခြားတဲ့ အချက်က တရုတ်နိုင်ငံဟာ ဒီအုပ်စုထဲမှာ ကျန် လေးနိုင်ငံဆီက ကုန်ပစ္စည်းတွေကို ပိုပိုဝယ်ယူလာနေတဲ့ အချက်ပါဘဲ။ တရုတ်ဟာ အခုအခါ ဘရာဇီး နဲ့ တောင်အာဖရိက နိုင်ငံတွေအတွက် အကြီးဆုံး စျေးကွက်ကြီးလည်း ဖြစ်လာနေပါတယ်။

BRICS ခေါင်းဆောင်တွေဟာ အစကတည်းက ကောင်းနေပြီးသား ဖြစ်တဲ့ ဒီအဖွဲ့အတွင်း အချင်းချင်းကုန်သွယ်မှု ကို ပိုကောင်းလာအောင်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ ကုန်သွယ်မှုကြီးထွားလာလေလေ နိုင်ငံတကာမှာ သူတို့နိုင်ငံသုံး ငွေကြေးရဲ့ အခန်းကဏ္ဍကို ပိုမိုချဲ့ထွင်လာနိုင်တဲ့ အခွင့်အလမ်း ပိုကောင်းလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာမှာ ကုန်ရောင်းသူ ဒါမှမဟုတ် ကုန်ပစ္စည်းတင်ပို့သူတွေက အမေရိကန်ဒေါ်လာတို့ ယူရို ဥရောပ ငွေကြေးအစား အိန္ဒိယရူပီး တို့ ရုရှ ရူဘယ်တို့ကို လိုလိုချင်ချင် လက်ခံပါ့မလားဆို တာ အဓိက မေးခွန်းဖြစ်ပါတယ်။

တကယ်လို့သာ ရောင်းသူက အိန္ဒိယတို့ ရုရှတို့ ဖြစ်ရင်တော့ သူတို့ ငွေကြေးနဲ့ ပေးချေတာကို လက်ခံကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလို ပေးချေနိုင်အောင် သူတို့ လက်ထဲမှာ အစကတည်းက အဲဒီနိုင်ငံတွေရဲ့ ငွေကြေးတွေ စုဆောင်းပြီးသား ရှိရမှာဖြစ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာကုန်သွယ်ရာမှာ ကျယ်ကျယ်ပြန်ပြန့် သုံးနေကျဖြစ်တဲ့ ငွေကြေးတွေကို သုံးတာဟာ ပိုပြီး လွယ်ကူနိုင်မယ်လို့ဘီဘီစီ စီးပွားရေးသတင်းထောက် Andrew Walker က သုံးသပ်ပါတယ်။