မြန်မာ့ ဒီမိုကရေစီရေး ထိုင်းဘက်က ဝေဖန်

  • 31 မတ် 2012
maesot
Image caption မြန်မာမှာ ဒီမိုကရေစီ ပိုဖြစ်ထွန်းလာနိုင်လို့ ပြောသွား

မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပိုမို ဖြစ်ထွန်းလာပြီး နိုင်ငံရဲ့ စီးပွားရေးပါ တမဟုတ်ချင်း ဖွံ့ဖြိုး တိုးတက် သွားမယ်လို့ ထိုင်းပြည်တွင်း လုံခြုံရေးဌာန အကြီးအကဲက မနေ့က မဲဆောက်မြို့မှာ ပြောကြား လိုက်ပါတယ်။

ထိုင်း ပြည်တွင်း လုံခြုံရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဝီရဆတ်က် လော်မ်ဝုန်က ဒီနေ့ မဲဆောက်ကို လာပြီး ဒေသတွင်းက စစ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နောက်ပိုင်း အဲဒီလို ပြောသွားတာပါ။

ထိုင်း ပြည်တွင်း လုံခြုံရေး အကြီးအကဲက မြန်မာ နယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ၅ မြို့နယ်က စစ်ဖက် အရပ်ဖက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း ထိုင်းဖက် နယ်စပ် တလျှောက် လုံခြုံရေး ဆောင်ရွက်ပေးဖို့၊ မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အခြေအနေနဲ့ ဒုက္ခသည်ကိစ္စတွေ ဆွေးနွေး တယ်လို့ ထိုင်းလုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုဖြစ်ထွန်း လာနိုင်တယ်၊ ပြီးတော့ အေးချမ်းသာယာ လာမယ်။ အဲဒါတွေရဲ့ နောက်ဆက်တွဲ ကတော့ တိုင်းပြည် စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် လာမယ်။ နောက်ဆုံး ၂၀၁၅ ကျရင် အာစီယံ လူမှုအဖွဲ့အစည်းအတွင်း တူညီတဲ့ အကျိုးစီးပွား ခွဲဝေသုံးစွဲ မှုမှာ မြန်မာနိုင်ငံလည်း တခြားနိုင်ငံတွေနဲ့အတူ တပြေးညီ ဖြစ်သွားမယ်လို့လည်း ပြောသွား ပါတယ်။

အဲဒီနောက် ထိုင်းစစ်တပ်က ဒီနေ့ချက်ချင်း ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ထိုင်းဖက် အခြမ်း မုခ်ဝမှာ လူဝင်လူထွက် စိစစ်တာတွေနဲ့ ခဲယမ်းမီးကျောက်ရှာဖွေတာတွေကို စတင် တိုးချဲ့ဆောင် ရွက်နေပါတယ်။

မြန်မာနိုင်ငံက လူမျိုးစု လက်နက်ကိုင်တွေ၊ မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေးတွေ လုပ်လာ နိုင်တဲ့ အတွက်လည်း လူမျိုးစု ဒေသတွေမှာ အေးချမ်းပြီး ဒေသဖွံ့ဖြိုးရေးတွေ ဆောင်ရွက်လာ နိုင်တော့မှာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဝီရဆတ်က်က ပြောပါတယ်။

ဒုက္ခသည်တွေ ကိစ္စကတော့ တချို့ကို တတိယနိုင်ငံ တွေက ခေါ်ဆောင်သွားမှာ ဖြစ်သလို နေရပ်ရင်း ပြန်ချင်တဲ့သူတွေ ကိစ္စကိုတော့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးရယ်၊ ဒုက္ခသည်တွေ ကိုယ်တိုင်နဲ့ မြန်မာအစိုးရတို့ ညှိုနှိုင်း ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ် လို့ပြောသွားပါတယ်။