မာလီနိုင်ငံမှာ အခြေခံဥဒေကို ပြန်ကျင့်သုံးမယ်

  • 1 ဧပြီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစိုးရ ရုံးတွေနဲ့ အဖွဲ့အစည်းတွေ ကိုလည်း ပြန်လည် ခွင့်ပြုတော့မှာ ဖြစ်ပါတယ်

မာလီနိုင်ငံမှ အာဏာသိမ်း ခေါင်းဆောင်တွက အရင် အခြေခံ ဥပဒေကို တနင်္ဂနွေနေ့ကစလို့ ပြန်လည်ကျင့်သုံးတော့မှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

နောက်ပြီး အစိုးရ ရုံးတွေ အဖွဲ့အစည်းတွေ ကိုလည်း ပြန်လည် ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်က တပ်တွင်းပုန်ကန်ပြီး မာလီသမ္မတကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်း တပ်ဖွဲ့အနေနဲ့ တနင်္ဂနွေနေ့ည နောက်ဆုံးထားပြီး အရပ်သားအစိုးရကို အာဏာလွှဲ ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေက အချိန်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီလိုမှ မဟုတ်ရင်တော့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မာလီနိုင်ငံ မြောက်ပိုင်းက တွားရတ် သူပုန်တွေကတော့ စစ်ရေးအရ အသာစီး ရမှုတွေ အလျင်အမြန်ရှိခဲ့ပြီးနောက်မှာတော့ အခုတခါ တင်ဘက်တူး ကန္တာရ မြို့ တဝိုက်မှာ သေနတ်သံတွေ အကြီးအကျယ် ကြားနေရတယ်လို့ သတင်းရရှိပါတယ်။

တင်ဘက်တူးမြို့မှာ ရှိတဲ့ စစ်အခြေစိုက်စခန်းတခုကို သူပုန်တွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အစိုးရတပ်ဖွဲ့တွေ ထွက်ပြေးသွားကြပုံပေါ်တယ်လို့ မျက်မြင် တွေ့ရှိသူ တဦးက ပြောပါတယ်။

အဲဒီမြို့ဟာ အစိုးရတပ်ဖွဲ့တွေရဲ့ နိုင်ငံမြောက်ပိုင်းက နောက်ဆုံး အမာခံမြို့ဖြစ်ပါတယ်။ တွားရတ် သူပုန်တွေဟာ အခု မြို့ကို ဝိုင်းထားကြပြီဖြစ်ပါတယ်။