လစ်ဗျား ပြိုင်ဘက် လက်နက်ကိုင်တွေ တိုက်ပွဲတွေဖြစ်

  • 4 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားမှာ ပြိုင်ဘက် လက်နက်ကိုင်တွေ အာဏာလုနေကြ

လစ်ဗျားနိုင်ငံအနောက်မြောက်ပိုင်းမှာ ပြိုင်ဘက် လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား တိုက်ခိုက်မှု တွေကြောင့် လူ၁၄ဦးသေဆုံးပြီး အနည်းဆုံး ၈ဦး ဒဏ်ရာရသွားတယ်လို့ လစ်ဗျား အာဏာပိုင် တွေက ပြောပါတယ်။

လစ်ဗျား ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီ အာဏာဖယ်ရှားခံခဲ့ရပြီး သတ်ဖြတ်ခံ ခဲ့ရတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စလို့ အုံကြွ တိုက်ခိုက်မှုတွေ ကြိုကြားကြိုကြား ဖြစ်ခဲ့တဲ့ ဇူဝါရာ မြို့နား တဝိုက်မှာ ခုလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။

NTC အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ အစိုးရက တိုက်ခိုက်မှုတွေ အဆုံးသတ် သွားအောင် ကြိုးပမ်းတဲ့အနေနဲ့ သူတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို အဲဒီကို စေလွှတ်မယ်လို့ ပြောပါတယ်။

လောလောဆယ် NTC အစိုးရ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတခုကတော့ ဗိုလ်မှူးကြီး ကဒါဖီကို ဖြုတ်ချခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ဗဟိုကနေ စုစည်း ထိန်းချုပ်ထားနိုင်ရေး ဖြစ်ပါတယ်။

NTC ပြောခွင့်ရ ပုဂ္ဂိုလ် မိုဟာမက် အယ်လ် ဟာရီဇီက ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီး ဌာန နှစ်ခုစလုံးရဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေမှာ ချို့ယွင်း အားနည်းချက်တွေ ရှိနေတယ် ဆိုတာကို ဝန်ခံ ပြောသွားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂လလောက်ပဲ လိုတော့တဲ့ အချိန်မျိုးမှာ ဒီလို အခြေအနေ ဖြစ်နေတာ ဟာ NTC အစိုးရအတွက် အထောက်အကူ မဖြစ်ဘူးလို့ ထရီပိုလီမြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။