ကုလကိုယ်စားလှယ်အဖွဲ့ ဆီးရီးယားရောက်တော့မယ်

  • 3 ဧပြီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပစ်ခတ်မှုတွေ ရပ်စဲဖို့ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံး အချိန်အဖြစ် သတ်မှတ်ထား

ကုလသမဂ္ဂရဲ့ ရှေ့ပြေး ကိုယ်စားလှယ်အဖွဲ့တခု ဟာ ဆီးရီးယားနိုင်ငံမှာ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ ချထားရေး ဆွေးနွေးဖို့အတွက် မြို့တော် ဒမားစကပ်စ်ကို လာမယ့် ၄၈ နာရီ အတွင်း ရောက်ရှိမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ အထူးကိုယ်စားလှယ် ကိုဖီအာနန်ရဲ့ ပြောခွင့်ရသူက ပြောကြား ပါတယ်။

အခုရှေ့ပြေး အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦး ဒါမှမဟုတ် ၆ ဦး ပါဝင်မှာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ဆိုပါ တယ်။

ဆီးရီးယားမှာ ပစ်ခတ်မှုတွေ ရပ်စဲဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဧပြီလ ၁၀ ရက်နေ့ကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ပေးဖို့ မစ္စတအာနန်က တိုက်တွန်းခဲ့ပြီး နောက်တနေ့မှာ အခုလို ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ သွားမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ဆီးရီးယားအစိုးရကလည်း အခု နောက်ဆုံးချိန် သတ်မှတ်ချက်ကို သဘောတူထား ပြီး ဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ မှာမှ ဆီးရီးယား အစိုးရက အပစ်မရပ်ဘူးဆိုရင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေနဲ့ ရှေ့တိုး အရေးယူ ဆောက်ရွက်မှုတွေ လုပ်ရမယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။

အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေကတော့ အစိုးရတပ်ဖွဲ့တွေဟာ အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။