တိုက်ခိုက်မှုတွေကနေ ထွက်ပြေးလာတဲ့ ဆီးရီးယား ဒုက္ခသည်တွေ တိုးလာနေ

  • 5 ဧပြီ 2012
ဓာတ်ပုံ မူပိုင် ap
Image caption အစိုးရတပ်တွေ တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာပြေးကြရ

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှု တွေကနေ ထွက်ပြေးလာကြတဲ့ လူအရေအတွက် ဟာ ပြီးခဲ့တဲ့ ၂၄နာရီအတွင်း အံ့မခန်းနိုင် လောက်အောင် တိုးပွားလာနေတယ်လို့ တူရကီ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံနဲ့ ကပ်ရက် တူရကီနိုင်ငံ နယ်စပ် Reyhanli မြို့ကို ဆီးရီးယားလူမျိုး တထောင်လောက် ရောက်လာပြီး လတ်လလော လတွေအတွင်း အများဆုံး ဖြစ်တယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ထွက်ပြေးလာသူအရေအတွက် အခုလို တိုးပွားလာတာဟာ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေ တရွာဝင် တရွာထွက် လိုက်တိုက်ခိုက်နေတာကြောင့် ရွာသားတွေ နေအိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အတွက် ဖြစ်တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

အပစ်အခတ် ရပ်စဲဖို့ နောက်ဆုံးနေ့ရက် သတ်မှတ်ထားတဲ့ ဧပြီလ ၁၀ရက်နေ့ မတိုင်ခင် ဆီးရီးယား အစိုးရတပ်တွေအနေနဲ့ တပ်တွေ မဆုတ်ခွာခင် သူတို့ရဲ့ စစ်အင်အား ပိုကောင်းလာအောင် ကြိုးစားနေပုံရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ အထူးကိုယ်စားလှယ် ကိုဖီအာနန်က နောက်ဆုံးနေ့ရက် သတ်မှတ်ထားတဲ့ လာမယ့် အင်္ဂါနေ့မတိုင်ခင် ၄၈နာရီ အတွင်း လစ်ဗျားနိုင်ငံမှာ တိုက်ခိုက်မှုတွေ အားလုံး အဆုံးသတ်ဖို့ သူမျှော်လင့်ထားတယ်လို့ ပြောပါတယ်။

နှစ်ဘက်စလုံး အပြည့်အဝ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြအပြီးမှာ တပ်ဖွဲ့တွေကို မြို့တွေထဲကနေ ပြန်ရုတ်သိမ်းပေးဖို့ လိုတယ်လို့ မစ္စတာအာနန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

မစ္စတာ အာနန် အဆိုပြုတင်ပြခဲ့ပြီး ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အားဆာ့တ် သဘောတူ လက်ခံခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ ဧပြီလ ၁၀ရက်နေ့ကို နောက်ဆုံးထားပြီး အပစ်အခတ် ရပ်ဖို့ သတ်မှတ်ထားတာပါ။

ဒါပေမယ့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Alain Juppe ကတော့ သမ္မတ အားဆာ့တ်ဟာ လူတွေကို လှည့်ဖျားနေတာလို့ ယူဆနေပြီး ဒီငြိမ်းချမ်းရေး အစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သံသယဝင်နေတယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့တဖွဲ့က ဆီးရီးယား နိုင်ငံမှာ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သူတွေ ချထားရေးနဲ့ ပတ်သက်လို့ ဒမာ့စကပ်မြို့မှာ ဆွေးနွေး ပြောဆိုနေပါတယ်။