ပြည်ပနိုင်ငံတွေကို ဆီးရီးယား စွပ်စွဲ

  • 6 ဧပြီ 2012
syria ဓာတ်ပုံ မူပိုင် AP
Image caption အင်္ဂါမှာ ဆီးရီးယား တပ်တွေ လက်နက်ကြီးတွေ ဆုတ်ပေးမယ်

ပြည်ပ နိုင်ငံတွေ ဟာ ဆီးရီးယား အတိုက်အခံ တွေနဲ့ ပင်းပြီး အပစ်အခတ် ရပ်စဲရေး ရှုပ်ထွေး အောင် လုပ်နေတယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံအမတ်က စွပ်စွဲ လိုက်ပါတယ်။

ကုလ သမဂ္ဂ ကိုယ်စားလှယ် ကိုဖီ အာနန် တောင်းဆို တဲ့ အတိုင်း နောက် တပတ် အင်္ဂါမှာ မြို့ကြီးတွေကနေ ဆီးရီးယား တပ်တွေ လက်နက်ကြီး တွေကို ဆုတ်ပေးမယ် လို့လည်း သံအမတ် ဘရှား ဂျဖာရီက ဆိုပါတယ်။

မစ္စတာ အာနန်ဟာ ကာတာ ဆော်ဒီနဲ့ တူရကီ နိုင်ငံ တို့ကနေ ငြိမ်းချမ်းရေး အစီအစဉ်ကို ထောက်ခံကြောင်း သက်သေ ကတိ ယူပေးသင့်တယ်၊ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် တွေ ဒီနယ်မြေတွေကို ဝင်မလာပါဘူး ဆိုတဲ့ ကတိကိုလည်း ပေးရမယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကလည်း ဆီးရီးယား အကျဉ်းထောင်တွေကို လေ့လာဖို့ ဆီးရီးယား အစိုးရဆီက ခွင့်ပြုချက် ရပြီလို့ ဆိုပါတယ်။

အလက်ပို ဗဟိုထောင်ကြီးကို ကြက်ခြေနီ အဖွဲ့ ကိုယ်စားလှယ်တွေ သွားကြမှာပါ။

မငြိမ်မသက်မှုတွေ အတွင်း ထိန်းသိမ်းထားတဲ့ သူတွေကို တွေ့ဆုံခွင့် ရဖို့ ကြက်ခြေနီက လနဲ့ချီပြီး ကြိုးစား နေခဲ့တာပါ။

ဒီအချိန်မှာပဲ ၂၄ နာရီ အတွင်း နယ်စပ်ကို ကျော်ပြီး ဆီးရီးယား အပစ်အခတ်တွေ ကြားက ထွက်ပြေး လာတဲ့သူ ဦးရေ မတရား များပြားလာတယ်လို့ တူရကီ နိုင်ငံခြားရေး အရာရှိ တဦးက ဆိုပါတယ်။

အစ်ဒ်လစ်ဘ်နဲ့ အလက်ပို နယ်က ဆီးရီးယား နိုင်ငံသား ၂၃ဝဝ ကျော် ထွက်ပြေးလာပြီး နောက်ထပ်လည်း ပိုဝင်လာဦးမယ်လို့ ခန့်မှန်းကြောင်း ဒီအရာရှိက ပြောကြား သွားပါတယ်။