မြန်မာ သမ္မတနဲ့ KNU ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့

  • 8 ဧပြီ 2012
knu_theinsein ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဉီးသိန်းစိန်နဲ့ ကေအန်ယူ ကိုယ်စားလှယ်များ

မြန်မာ နိုင်ငံမှာတော့ KNU ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ် တွေဟာ သမ္မတ ဉီးသိန်းစိန် နဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာ အကြာရှည်ဆုံး စစ်ပွဲတွေ ထဲက တခုကို အဆုံး သတ်နိုင်ဖို့ အတွက် အရေးပါတဲ့ ခြေလှမ်း တရပ်ဖြစ်တယ်လို့ လေ့လာသူ တွေက ရှုမြင် ကြပါတယ်။

KNU ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော် စီဖိုးရာစိန် ကတော့ အခုတွေ့ဆုံမှုမှာ ၂ နာရီ ကြာမြင့်ခဲ့ပြီး နှစ်ဘက်စလုံးက ငြိမ်းချမ်းရေး ရရှိဖို့ အတွက် အပြု သဘော ဆောင်တဲ့ အမြင် တွေကို ဆွေးနွေး ဖလှယ် ခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သောကြာနေ့ ကတော့ အစိုးရနဲ့ KNU အကြား လတ်တလော ရရှိထားတဲ့ အပစ် အခတ် ရပ်ဆဲ ထားတဲ့ အခြေအနေကနေ တဆင့် အမြဲတမ်း ငြိမ်းချမ်းရေး ရယူနိုင်ဖို့ အတွက် လိုအပ်မဲ့ အချက်တွေကို သဘောတူ ခဲ့ကြပါတယ်။

ကရင် ပြည်နယ် အတွင်း နှစ်ပေါင်း ၆၀ နီးပါးလောက် ဖြစ်နေ ခဲ့တဲ့ စစ်ပွဲ တွေကြောင့် လူထောင်ပေါင်း များစွာဟာ အိုးအိမ် တွေကို စွန့်ခွာပြီး ဘေးလွတ်ဖို့ ထွက်ပြေး ခဲ့ကြရ ပါတယ်။