နောက်ဆုံး ရေးသားချိန် 7 ဧပြီလ 2012 - 15:43 GMT

ပါကစ္စတန်မှာ နှင်းတောင်ပြိုလို့ စစ်သားတွေသေဆုံး

ကမ္ဘာပေါ်မှာ အမြင့်ဆုံး စစ်မျက်မှာပြင် တခု အဖြစ် သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်

ပါကစ္စတန် နိုင်ငံ ကက်ရှ်မီးယား အငြင်းပွား ဒေသဘက်က စစ်အခြေစိုက် စခန်းတခုမှာ နှင်းတောင်ပြိုတဲ့အတွက် နှင်းတွေဖုံးအုပ် သွားတဲ့ စစ်သား ၁၀၀ ကျော်ထဲက တချို့အလောင်း တွေကို ရှာတွေ့ခဲ့ပြီလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ဒါပမယ့်လည်း ဘယ်လောက်များများ အသက်ရှင် ကျန်နေတယ် ဆိုတာကို မပြောနိုင်သေးဘူးလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

အခု နှင်းတောင်ပိတဲ့ တပ်ရင်းဌာနချုပ်ဟာ ပင်လယ်ရေ မျက်နှာပြင်အမြင့် မီတာ ခြောက်ထောင် အထက်မှာရှိတဲ့ ဆီရန်ချန် ရေခဲတောင်ပေါ်မှာ ဖြစ်ပြီး၊ ဝေးလံခေါင်သီလှတဲ့ အတွက် ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အနံ့ခံ ခွေးတွေ ချထားရာမှာ ရဟတ်ယာဉ်တွေနဲ့ သွားရောက် ချထားခဲ့ရတယ်လို့ စစ်တပ်က ပြောပါတယ်။

ပါကစ္စတန် စစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် အက်တာ အာဘတ်စ်က အဲဒီတပ်စခန်းအပေါ် ပြိုကျခဲ့တဲ့ ဆီနှင်းထုကြီး ဟာ အလွန်ကြီးမားတဲ့အတွက် ထိခိုက်ပျက်စီးမှု အတိုင်းအတာဟာ မျှော်မှန်းမထားတဲ့ ပမာဏ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ လုပ်ကိုင်နိုင်ဖို့ ရက်အတော်ကြာ အချိန် ယူရနိုင်တယ်လို့ ဆိုပါတယ်။

ဒီဒေသဟာ ပါကစ္စတန်ဘက်ကရော အိန္ဒိယဘက်ကပါ သူပိုင်ငါပိုင် အငြင်းပွားပြီး၊ နှစ်ဘက် စစ်တပ်က တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားတဲ့နေရာ ဖြစ်တာကြောင့် ကမ္ဘာ့ အမြင့်ဆုံး စစ်မျက်နှာပြင် တခုလို့ လူသိများပါတယ်။

၂၀၁၀ ခုနှစ်တွေတုန်းကလည်း ဆီးနှင်းပြိုကျမှုကြောင့် ပါကစ္စတန် စစ်သား ၂၄ ဦး သေဆုံးခဲ့ဖူး ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။