ဆီးရီးယားမှာ သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပွား

  • 7 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Bbc
Image caption လူပေါင်း ၂၇ ဦး ထက်မနည်း သေဆုံးသွား တယ်လို့ ဆိုပါတယ်

ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်တွေဟာ အရပ်သား တွေ အပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပြီး၊ စနေနေ့ နေ့လည်ပိုင်းမှာလည်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆီးရီးယား အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါ တယ်။

လူပေါင်း ၂၇ ဦး ထက်မနည်း လည်း သေဆုံး သွားတယ်လို့ ဆိုပါတယ်။

ဟာမာ ပြည်နယ်က လက်တမ်နာမြို့ကို အစိုးရ စစ်သားတွေဟာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဝင်စီးဖို့ ကြိုးစားခဲ့တဲ့ တယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

ဟုမ်းစ်မြို့က ရပ်ကွက်အတော်များများကိုလည်း တင်ကားက အမြောက်တွေ၊ လက်နက်ကြီး တွေနဲ့ တဒိန်းဒိန်း လှမ်းပစ်နေတယ်လို့ ဆိုပါတယ်။

အတည်ပြုလို့မရတဲ့ ဗီဒီယို မှတ်တမ်းတခုမှာတော့ လူသေအလောင်းတွေ အစုလိုက် အပြုံလိုက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါဟာ လက်လွတ်စပယ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ပြုလုပ်ခဲ့တဲ့ ပုံမျိုး ဖြစ်နေပါတယ်။

ဆီးရီးယားအစိုးရ အနေနဲ့ ဆန္ဒပြသူတွေကို ဆက်လက် တိုက်ခိုက်နေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရှုတ်ချပြောဆိုပေမဲ့လည်း အခုလို တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်ပွားခဲ့တာပါ။

လာမယ့် အင်္ဂါနေ့ကို နောက်ဆုံးထားပြီး ပစ်ခတ်မှုတွေ ရပ်စဲမယ်လို့ သမ္မတအာဆတ်က ကတိပေးထားတာ ဖြစ်တဲ့အတွက် အခုအချိန်မှာတော့ သတ်ဖြတ်မှုတွေ ဆက်လက် ဖြစ်နေတာဆိုပြီး ဆင်ခြေ ပေးစရာ ဘာအကြောင်းမှ မရှိဘူးလို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။