အီဂျစ် ထောက်လှမ်းရေး အကြီးအကဲဟောင်း သမ္မတဝင်ရွေးမယ်

  • 9 ဧပြီ 2012
suleiman ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ ဝင်ရွေးတော့မဲ့ အိုမာ ဆူလေမန်

အီဂျစ် နိုင်ငံမှာတော့ အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက် ရဲ့ ထောက်လှမ်းရေး အကြီးအကဲ ဟောင်းက သမ္မတ ရွေးကောက်ပွဲ မှာ တရားဝင် ဝင်ရောက် အရွေးခံ တော့မှာ ဖြစ်ပါတယ်။

အိုမာ ဆူလေမန်က ကျင်းပတော့မှာ ဖြစ်တဲ့ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ဖို့ အတွက် လျှောက်လွှာတွေကို တင်လိုက်ပြီ ဖြစ်ပါတယ်။ သူဟာ လတ်တလော နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ် ကြီးတွေ ရဲ့ထောက်ခံမှုကို ရလိမ့်မယ် ဆိုပြီး ခန့်မှန်းပြောဆိုသံ တွေလည်း ထွက်လာပါတယ်။

မွတ်စလင် ညီအစ်ကိုများ အဖွဲ့က သမ္မတလောင်း ဖြစ်တဲ့ ခိုင်ရတ် အဲလ် ရှာတာ ကတော့ မစ္စတာ ဆူလေမန်ရဲ့ ဒီလို ဝင်ရောက် အရွေးခံဖို့ လုပ်လိုက်တာဟာ အီဂျစ် ပြည်သူတွေကို စော်ကား တာနဲ့ တူတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး သူ့ရဲ့ ပြိုင်ဘက်ဟာ မဲလိမ်မှ ပဲ နိုင်လိမ့်မယ်လို့ လဲဆိုလိုက်ပြီး ဒီလို တကယ်ဖြစ်လာ ခဲ့ရင်လဲ အီဂျစ်တော်လှန်ရေး တခါပြန် စလာလိမ့်ဉီးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။