မြောက်ကိုရီးယားက သူ့ရဲ့ ဒုံးပျံကို သတင်းထောက် တွေကို ပြသ

  • 8 ဧပြီ 2012
north_korea_rocket
Image caption မြောက်ကိုရီးယားက လွှတ်တင်မဲ့ ဒုံးပျံ

မြောက်ကိုရီးယား နိုင်ငံက သူ့ရဲ့ လေ့လာရေး ဂြိုဟ်တုကို လွှင်တင်မဲ့ ဒုံးပျံကို နိုင်ငံတကာက သတင်းထောက် တွေကို ခေါ်ယူပြသ ခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ အာကာသ အစီအစဉ် တွေဟာ ငြိမ်းချမ်းတဲ့ အစီအစဉ်တွေဖြစ်တယ် ဆိုတာကို ပြသဖို့ အတွက် ဖြစ်ပါတယ်။

အဲဒီကို ရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်က အဲဒီ ဒုံးပျံဟာ မကြာခင် ရက်ပိုင်း အတွင်းမှာတင် လွှတ်တင်ဖို့ အတွက် အသင့်ဖြစ် နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား အာဏာပိုင် တွေရဲ့ အဆိုအရတော့ အဲဒီ ဒုံးပျံနဲ့ လွှတ်တင်မဲ့ ဂြိုဟ်တုကလဲ ပုံထွက် ပြတ်သားတဲ့ ကမ္ဘာမြေရဲ့ ဓာတ်ပုံတွေကို ရိုက်ယူသွား မှာဖြစ်တဲ့ အပြင် အရင် မြောက်ကိုရီးယား ခေါင်းဆောင် တွေကို ဂုဏ်ပြုထားတဲ့ သီချင်းတွေကို ထုတ်လွှင့် ပေးသွား မှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ တခြား နိုင်ငံတွေကတော့ ဒီလွှတ်တင်မဲ့ အစီအစဉ် တွေဟာ တာဝေးပစ် ဒုံးကျည် စမ်းသတ်ပစ်လွှတ်တာကို ဖုံးကွယ်ထားဖို့အတွက် ဟန်ဆောင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။