အတိုက်အခံအဖွဲ့တွေရုပ်သိမ်းရေးအာမခံချက် ဆီးရီးယားလိုလား

  • 8 ဧပြီ 2012
ဆီးရီးယားမှာတိုက်ပွဲများဆက်ဖြစ် ဓာတ်ပုံ မူပိုင် ap
Image caption ဆီးရီးယားမှာတိုက်ပွဲများဆက်ဖြစ်

ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်စဲဖို့အတွက် နိုင်ငံတကာက နောက်ဆုံး သတ်မှတ်ချက် အချိန်ပေးထားတဲ့ လာမယ့် အင်္ဂါနေ့ရောက်ဖို့ ၂ ရက်ပဲ လိုတော့တဲ့အချိန်မှာ ဆီးရီးယား အစိုးရက မြို့ကြီး မြို့ငယ်တွေမှာ ရှိတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကို အခုအချိန်မှာ ပြန်ရုပ်ဖို့ ဆန္ဒမရှိဘူးလို့ ကြေညာ လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံမှာ အတိုက်အခံတပ်ဖွဲ့တွေ ရုပ်သိမ်းပေး ပါ့မယ် ဆိုတဲ့ စာနဲ့ရေးသား ကတိပြုချက်ကို ဆီးရီးယား အစိုးရက သူ့တပ်ဖွဲ့တွေ မရုပ်သိမ်းခင် အလိုရှိနေတယ်လို့ ထုတ်ဖေါ် ပြောလိုက်ပါတယ်။

အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေဘက်က အကြမ်းဖက်တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းပါ့မယ် ဆိုတဲ့ စာနဲ့ ရေးသားထားတဲ့ ခံဝန်ချက်မျိုးကို ငြိမ်းချမ်းရေး ကြားဝင် စေ့စပ်ပေးနေတဲ့ အထူးကိုယ်စားလှယ် ကိုဖီအာနန်ဆီက သူတို့ မရသေးဘူးလို့ ဆီးရီးယား အစိုးရက ပြောပါတယ်။ ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်ဆိုင်းဖို့ ကြားဝင် စေ့စပ်ပေးနေတဲ့ ကုလသမဂ္ဂနဲ့ အာရပ်နိုင်ငံများ အဖွဲ့ချုပ် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က သတ်မှတ်ထားတဲ့ နောက်ဆုံး နေ့ရက် မရောက်ခင် ၂ရက်အလိုမှာပဲ ဆီးရီးယား အစိုးရက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ သူပုန်တပ်ဖွဲ့တွေဘက်ကတော့ ဆီးရီးယား အစိုးရကို အသိအမှတ် မပြုတဲ့အတွက် အစိုးရရဲ့ တောင်းဆိုချက်ကို အာမမခံနိုင်ဘူး၊ မစ္စတာ ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် ကို အစိုးရက မလိုက်နာဘူးဆိုရင် သူတို့ လက်နက်ချမှာ မဟုတ်ဘူးလို့ ဆီးရီးယား လွတ်မြောက်ရေး သူပုန်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

မစ္စတာအာနန်ရဲ့ အချက် ၆ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်အရ ဧပြီလ ၁၂ရက်နေ့မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေအားလုံး အကြမ်းဖက် တိုက်ခိုက်နေမှုတွေ ရပ်ဆိုင်းကြရမှာ ဖြစ်ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဆီးရီးယားအစိုးရအနေနဲ့ အတိုက်အခံအဖွဲ့တွေနဲ့ တန်းတူ အပစ်အခတ်ရပ်စဲရေးသဘေယတူချက်တွေလုပ်ပြီးဆွေးနွေးပြောဆိုယ့်အစား အတိုက်အခံတပ်ဖွဲ့တွေလုံးဝ လက်နက်ချတာမျိုး လိုလားတာထင်ရှားတယ်လို့ လက်ဘနွန်နိုင်ငံရှိ ဘီဘီစီသတင်းထောက် ဂျင်မီးယားကသတင်းပေးပို့ထားပါတယ်။