ဗြိတိသျှဝန်ကြီးချုပ် အာရှခရီးစဉ် စတင်

  • 10 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာကင်မရွမ်ဟာ မြန်မာနိုင်ငံကို သောကြာနေ့ မှာ ရောက်ရှိမှာ ဖြစ်ပါတယ်

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်ဟာ သူ့ရဲ့ ဂျပန်နဲ့ အရှေ့တောင် အာရှ နိုင်ငံများ ခရီးစဉ် အစအဖြစ် အင်္ဂါနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။

မစ္စတာ ကင်မရွမ်ခရီးစဉ်ဟာ ဗြိတိန်ရဲ့ စီးပွားရေး အရှိန် အားနည်းနေတာကို ပြန်မတ်လာစေဖို့ အတွက် အာရှဒေသမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဆက်ဆံရေး မြှင့်တင် ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကို လေ့လာ ရှာဖွေဖို့ အတွက် ဖြစ်ပါတယ်။

ဗြိတိန်မှာ နစ်ဆန် ဂျပန်ကား ကုမ္ပဏီ စက်ရုံတခု တည်ဆောက်ရေး အပါအဝင် တခြား သုတေသန လုပ်ငန်းတွေ အတွက် ဂျပန်နိုင်ငံနဲ့ ပေါင်စတာလင် သန်း ၂၀၀ ကျော် ရင်းနှီး မြှုပ်နှံမှု လုပ်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ပြီးလည်း ဖြစ်ပါတယ်။

မစ္စတာကင်မရွမ်နဲ့ အတူ ကာကွယ်ရေး၊ စွမ်းအင်၊ တည်ဆောက်ရေးနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေရဲ့ အကြီးအကဲ ၃၅ ဦး လိုက်ပါသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ နောက်တနေ့ မှာတော့ မလေးရှားကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ သောကြာနေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး၊ မစ္စတာ ကင်မရွမ်ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံမှာ ဖြစ်သလို၊ ရန်ကုန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။