မြောက်ကိုရီးယားရဲ့ လျှို့ဝှက် ငရဲခန်းများ

  • 10 ဧပြီ 2012
Korea ဓာတ်ပုံ မူပိုင် Getty
Image caption မြောက်ကိုရီးယား အကျဉ်းထောင်တွေမှာ ဖမ်းဆီး ထားသူ သိန်းချီရှိလို့ သိရှိရ

မြောက်ကိုရီးယားက လျှို့ဝှက် အကျဉ်း စခန်း တွေမှာ နိုင်ငံရေး အကျဉ်းသား သိန်းချီပြီး ညှင်းပန်း နှိပ်စက် ခံနေရတယ်လို့ သတင်းရ ရှိပါတယ်။

ခုအစီရင်ခံစာကို ဝါရှင်တန် အခြေစိုက် မြောက် ကိုရီးယား လူ့အခွင့်အရေး ကော်မတီက ထုတ် ပြန်ခဲ့တာ ဖြစ်ပြီး မြောက်ကိုရီးယားက လျှို့ဝှက် စခန်းတွေ၊ သေဒဏ် စီရင်တဲ့ နေရာတွေကို ဂြိုလ်တုက ကင်မရာနဲ့ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားကို ထွက်ပြေး လွတ်မြောက်လာတဲ့ အကျဉ်းသားတွေနဲ့ စခန်း အစောင့် ခြောက်ဆယ်လောက်ရဲ့ ပြောကြားချက်တွေကိုလည်း အဓိက ကိုးကား ဖော်ပြ ထားတာ ဖြစ်ပါတယ်။

တောင်ကိုးရီးယားကို ထွက်ပြေးဖို့ ကြိုးစားသူတွေ အပါအဝင် အစိုးရ ဆန့်ကျင်ရေး သ မားတွေကို အပြစ် ပေးဖို့ လျှို့ဝှက် ဆောက်ထားတဲ့ အကျဉ်းထောင်တွေ၊ ချွေးတပ် စခန်း တွေကို အဆင့်မြင့်မြင့် လုံလုံ ခြုံခြုံ ဆောက်ထားတယ်လို့ ဒီလူတွေက ပြောပြပါတယ်။

အကျဉ်းသားတွေဟာ မိုင်းတွင်းတွေ၊ စက်ရုံတွေနဲ့ စိုက်ခင်းတွေမှာ အလုပ်လုပ်ကြရပြီး အတော်များများဟာ အဟာရ ချို့တဲ့မှု၊ ဒါမှမဟုတ် အလုပ် ပင်ပန်းလို့ သေဆုံးကုန်တယ်လို့ ပြောပြပါတယ်။

ဒါ့အပြင် ကိုယ့်ရာရှင်ထက် ပိုပြီး ခိုးယူသူတွေ၊ အကျဉ်းစခန်းတွေကနေ ထွက်ပြေးဖို့ ကြိုး စားသူတွေကို လူမြင်ကွင်းမှာ သေဒဏ် စီရင်တာတွေ ရှိတယ်လို့လည်း ထွက်ပြေး လွတ် မြောက်လာသူတွေက ပြောပြပါတယ်။

ရိုက်နှက် ညှင်းပန်းတာတွေက ပုံမှန်လို ဖြစ်နေပြီး တရုတ် ပြည်ကနေ ပြန်အပို့ခံရပြီး ကိုယ်ဝန် ရှိလာတဲ့ အမျိုးသမီး တွေကိုလည်း အတင်းအကြပ် ကိုယ်ဝန် ဖျက်ချခိုင်းတာတွေ ရှိတယ်လို့ ပြောပါတယ်။

ခုအစီရင်ခံစာ အတွက် ပြောပြသူတွေထဲမှာ တချို့ဟာ လုပ်အားပေး စခန်းတွေမှာ အနှစ် နှစ်ဆယ်ကျော်ထိ နေခဲ့ကြရပြီး အမှု စစ်ဖို့ နေနေသာသာ တချို့ဆိုရင် ဘာ့ကြောင့် သူတို့ကို ဖမ်းသလဲ ဆိုတာတောင် မသိရဘူးလို့ ပြောပြပါတယ်။

အဖမ်းခံရသူတွေရဲ့ ခလေးတွေနဲ့ မိသားစုတွေကိုလည်း အစိုးရကို မဝေဖန်နိုင်အောင် အ ပျောက် ရှင်းပစ်တာတွေ လုပ်တယ်လို့ ပြောပါတယ်။

အမျိုးသမီး တယောက်ဆိုရင် တောင်ကိုရီးယား အဆိုတော် တယောက် သီချင်းကို ဆိုမိလို့ အဖမ်းခံရတဲ့ အပြင် ဂျပန်နဲ့ အဆက်ရှိသူ ဒါမှမဟုတ် တောင်ကိုရီးယားမှာ သားချင်း ဆွေမျိုးတွေ ရှိလို့ အဖမ်းခံရသူတွေလည်း ရှိပါတယ်။

ခု အစီရင်ခံစာကို တာဝန်ခံ ပြုစုသူ ဒေးဗစ် ဟော့ဟာ ၂၀၀၃ ခုနှစ်ကလည်း hidden gulag လျှို့ဝှက် အကျဉ်းစခန်းများဆိုတဲ့ နံမယ်နဲ့ မြောက်ကိုရီးယားက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း အစီရင်ခံစာ တစောင် ထုတ်ဖူးပါတယ်။

အဲဒိအချိန်ကနေ ကနေ့ထိ ဆယ်နှစ်တာ ကာလအတွင်းမှာ မြောက်ကိုရီးယားက ထွက်ပြေး လာသူတွေရဲ့ ပြောပြချက်တွေကြောင့် ခု အစီရင်ခံစာသစ်ကို ပြုစုနိုင်တာလို့ သူက ပြောပါ တယ်။

တောင်ကိုရီးယားမှာ လောလောဆယ် မြောက်ကိုရီးယားကနေ ထွက်ပြေး လွတ်မြောက်လာသူ သုံးသောင်းလောက် ရှိပါတယ်။

မြောက်ကိုရီးယား တာဝန်ခံတွေကတော့ သူတို့ဆီမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုပြီး ဟိုးအရင်ကနေ ခုထိ တောက်လျှောက် ငြင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။