ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် Santorum ဝင်မပြိုင်တော့

  • 11 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် လူထုအတွက် ဆက်တိုက်ပွဲ ဝင်သွားမယ်လို့ Mr Santorum ပြော

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီအတွက် သမ္မတလောင်း အဖြစ် အမည် စာရင်း တင်သွင်းထားသူ Rick Santorum က သူဝင်မပြိုင်တော့ဘူးလို့ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။

အခုလို Mr Santorum ဝင်မပြိုင်တော့တဲ့ အတွက် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားနဲ့ အဓိက ယှဉ်ပြိုင်မယ့် ရီပတ်ဘလီကန် သမ္မတလောင်းက Mitt Romney ပဲ ဖြစ်လာတော့မှာပါ။

Mr Santorum က သူ့ရဲ့ နေရပ် Pennsylvania ပြည်နယ်မှာ သူ့မိသားစုနဲ့အတူ ယှဉ်ရပ်ရင်း သူ သမ္မတ ရွေးကောက်ပွဲအတွက် ဝင် အရွေးမခံတော့ဘူးလို့ ထုတ်ဖေါ် ကြေညာသွားတာပါ။

မဲဆွယ် စည်းရုံးမှုတွေ ဒီကနေ့ကစ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ပေမယ့် အမေရိကန် လူထုရဲ့ အသံတွေကို ဖေါ်ထုတ်နိုင်အောင် ဆက်ပြီးတော့ တိုက်ပွဲ ဝင်သွားမှာပါလို့ Mr Santorum က ပြောသွားပါတယ်။

January လတုန်းက ရီပတ်ဘလီကန် ပါတီအတွက် သမ္မတလောင်း အဆိုပြု ရွေးပွဲတွေမှာ Iowa မဲဆန္ဒနယ်တွေမှာ မမျှော်လင့်ပဲ အနိုင်ရခဲ့တဲ့အတွက် Mr Santorum အတော်လေး နာမည် ကြီးသွားခဲ့ပေမယ့် နောက် ရီပတ်ဘလီကန် သမ္မတလောင်း သန်းကြွယ်သူဌေး စီးပွားရေး လုပ်ငန်းရှင် Mr Romney လောက်တော့ ထောက်ခံမှု မရပဲ အပြတ်အသတ် နောက်မှာ ကျန်ခဲ့ပါတယ်။

သူ့ထုတ်ဖေါ် ကြေညာချက်ထဲမှာ Mr Romney ကို ထောက်ခံတယ်လို့တော့ ထည့်ပြော မသွားပါဘူး။

အစောပိုင်း မဲဆွယ် စည်းရုံးမှုတွေ အတွင်းမှာတော့ Mr Santorum က Mr Romney ဟာ သာမန် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို မသိပဲ အောက်ခြေ လူထုနဲ့ ကင်းကွာနေတယ် ဆိုပြီး တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။