အစိုးရတပ် လူထုအပေါ် အပစ်ရပ်ဖို့ ဘန်ကီမွန်းပြော

  • 10 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption လူထုကို နှိမ်နင်းတာ ချက်ချင်း ရပ်ဖို့ ဘန်ကီမွန်း ပြော

ဆီးရီးယား နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့တွေက ရဟတ်ယာဉ်တွေပါ သုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူတရာ သေဆုံးသွားတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ကတည်းက ဆိုရင် အခုရက်ပိုင်းတွေဟာ လူအသေအပေျာက် အများဆုံး နေ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ ဆီးရီးယား မြို့ရွာတွေကနေ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ဆုတ်ခွာရမယ့် ရက်နီးလာတာနဲ့အမျှ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆီးရီးယားနဲ့ ဆက်စပ်နေတဲ့ တူရကီနဲ့ လဘနွန် နယ်စပ်တွေမှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ဒီ ငြိမ်းချမ်းရေး အစီအစဉ်ဟာ အကောင်အထည် ပေါ်လာပါ့မလား ဆိုတဲ့ သံသယတွေ တိုးပွားလာနေပါတယ်။

ဆီးရီးယား နယ်စပ်ဖက်ကနေ ပစ်ခတ်မှုကြောင့် လက်ဘနွန်ဖက်မှာ သတင်းရိုက်ယူနေတဲ့ ကင်မရာသမား အလီ ရှာဘင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နောက်သတင်းတပုဒ်မှာတော့ တူရကီ နိုင်ငံဖက်က ဒုက္ခသည် စခန်းကို ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် လူသုံးယောက် သေဆုံးသွား တယ်လို့ ဆိုပါတယ်။

အခုလို နယ်စပ် တဝိုက်က ဒုက္ခသည် စခန်းတွေကို ဆီးရီးယား အစိုးရက တိုက်ခိုက်နေမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ဘန်ကီမွန်းက ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ အနေနဲ့ အရပ်သားတွေ အပေါ် စစ်ဆင် တိုက်ခိုက်မှု အားလုံးကို ချက်ခြင်းရပ်ပြီး နိုင်ငံတကာ အဆင့်မြင့် ကိုယ်စားလှယ် ကိုဖီ အာနန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ သဘောတူချက်ကို အလေးထား လိုက်နာသင့်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပန်ကြားလိုက်ပါတယ်။

အခုလို တိုက်ခိုက်နေမှုတွေက ဒီနေ့ အဂါနေ့မှာ လူနေအရပ်တွေကနေ ဆီးရီးယား တပ်တွေ ဆုတ်ပေးရမယ် ဆိုတဲ့ အချက်ကို လိုက်နာမှု မရှိတာကို ပြနေတယ်လို့ တူရကီက ပြောပါတယ်။

နိုင်ငံတကာရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ အနေနဲ့ လိုက်နာကြဖို့ တရုတ်နိုင်ငံမှာ ရောက်နေတဲ့ တူရကီ ဝန်ကြီးချုပ် ရာဂျစ် တေရစ်ပ် အယ်ဒိုဂန် ကလည်း တိုက်တွန်းထားပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် မူလန်လည်း မော်စကိုမြို့မှာ ရောက်နေပြီး တရုတ်နဲ့ ရုရှားတို့ဟာ ဆီးရီးယား အစိုးရကို အပြင်းအထန် ထောက်ခံ နေကြသူတွေ ဖြစ်ပါတယ်။