ဒုံးပျံလွှတ်တင်မှု မအောင်မြင်ကြောင်း မြောက်ကိုရီးယား ဝန်ခံ

  • 13 ဧပြီ 2012
North Korea ဓာတ်ပုံ မူပိုင် no credit
Image caption ဒုံးပျံ လွှတ်တင်ပြီး မကြာခင်မှာ ပျက်ကျ သွားတယ် လို့ဆို

မြောက် ကိုရီးယား နိုင်ငံက သူတို့ လွှတ်တင် လိုက်တဲ့ တာဝေးပစ် ဒုံးပျံဟာ မအောင်မြင်ဘဲ ပျက်ကျ သွားခဲ့တယ် ဆိုတာကို ဝန်ခံ လိုက်ပါတယ်။

မြောက် ကိုရီးယား ရဲ့ ဒုံးပျံ ပစ်လွှတ်မှု ကို အမေရိကန် ပြည်ထောင်စု နဲ့ အခြား နိုင်ငံ တွေက ဝိုင်းဝန်း ရှုတ်ချ လိုက်ကြ ပါတယ်။

တရုတ်နဲ့ ရုရှ တို့က ဒီကိစ္စမှာ စိတ်ရှည် ကြဖို့ တိုက်တွန်း နေပေမယ့် နိုင်ငံတကာ က မြောက် ကိုရီးယား ဟာ ဂြိုဟ်တု လွှတ်တင် မှာကို အကြောင်း ပြပြီး ဒုံပျံ လက်နက် နည်းပညာ ကို စမ်းသပ် နေတာ လို့ ယူဆ နေပါတယ်။

မြောက်ကိုရီးယား ရဲ့ အဓိက မဟာမိတ် ဖြစ်တဲ့ တရုတ် နိုင်ငံ ကလည်း ဒီဒုံးပျံ လွှတ်တင်မှု ကို ဘယ်တော့ ဆောင်ရွက်မယ် ဆိုတာ သူတို့ကို အကြောင်း မကြား ခဲ့ဘူးလို့ ဆိုပါတယ်။

မြောက် ကိုရီးယား က သူတို့ အနေနဲ့ အာကာသ ထဲကို ဂြိုဟ်တု တလုံး လွှတ်တင်ဖို့ စီစဉ် ခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး အဲဒီ ဂြိုလ်တု ဟာ ကမ္ဘာပတ် လမ်းကြောင်း ထဲကို ရောက် မသွားခဲ့ ဘူးလို့ ပြောပါတယ်။

ဒီဂြိုဟ်တု ဟာ ပစ်လွှတ် လိုက် ပြီး မကြာခင် မှာဘဲ ပေါက်ကွဲပြီး ပင်လယ်ထဲ ကိုပျက်ကျ သွားခဲ့ တယ်လို့ တောင် ကိုရီးယား နိုင်ငံက ပြောပါတယ်။

ဒီဒုံးပျံ ပစ်လွှတ် မှုဟာ မြောက်ကို ရီးယား နိုင်ငံကို စတင် ထူထောင် ခဲ့သူ ခေါင်းဆောင် Kim Il-sung ရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့် နဲ့လည်း တိုက်ဆိုင် နေပါတယ်။

ဒီစမ်းသပ် မှု နောက်ပိုင်း ဘာတွေ ဆက်ဖြစ် လာမလဲ ဆိုတာနဲ့ ပတ်သက်လို့ စိတ်မသက်သာ မှုတွေ တွေ့ရကြောင်း ဘီဘီစီ သံတမန် ရေးရာ သတင်းထောက် က ပြောပါတယ်။

ဒီလို မအောင်မြင်တဲ့ အတွက် ဒေါသ ဖြစ်နေတဲ့ မြောက် ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် စမ်းသပ် မှုတွေ လုပ်လာ မလား ဆိုတဲ့ စိုးရိမ် မှုတွေလည်း ရှိနေကြောင်း သူက ဆိုပါတယ်။

စမ်းသပ်မှု မအောင်မြင် ပေမယ့် ဒီ ဆောင်ရွက်ချက် ဟာ ရှုတ်ချ စရာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကပြောပါတယ်။

မြောက်ကိုရီးယား ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန် မလဲ ဆိုတာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မကြာခင် ဆွေးနွေးကြဖို့ ရှိနေပါတယ်။