မြန်မာ နဲ့ အနောက်၊ မြန်မာနဲ့ တရုတ် ဆက်ဆံရေး

  • 13 ဧပြီ 2012

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်မှာ ပိတ်ဆို့အရေးယူတာတွေကို လျော့ပေါ့ ရုပ်သိမ်းဖို့ စဉ်းစားနေသလို အနောက်နိုင်ငံတွေနဲ့ မြန်မာရဲ့ ဆက်ဆံရေးဟာလည်း တိုးတက် ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးဟာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံ အပေါ် သြဇာလွှမ်းမိုးထားတဲ့ တရုတ်နိုင်ငံအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နိုင်ပါသလား။ ချပ်တန်ဟောက်စ် အာရှ ပရိုဂရမ်ရဲ့ အကြီးအကဲ တရုတ်ရေးရာ ကျွမ်းကျင် ပညာရှင် မစ္စတာ ကယ်ရီဘရောင်းကတော့ မြန်မာ အစိုးရ အနေနဲ့ မနှစ် က မြစ်ဆုံ ရေကာတာ စီမံကိန်း ကို ဖျက်လိုက် ကတည်း က အပြောင်းအလဲ ကြီး တခု ကို စလိုက်တာပါလို့ ပြောပါတယ်။

အဲဒီ က စ ပြီး နောက်ပိုင်းမှာ လည်း နိုင်ငံရေး အရ အပြောင်း အလဲ တွေဖြစ်လာပါတယ်။ အရင်က တရုတ်ကို ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီး မှီခိုမှု ကြီးမားခဲ့သလို တရုတ် ကလည်း မြန်မာ အပေါ် လွှမ်းမိုးနိုင်မှု များခဲ့ပါတယ်လို့ သူက ပြောပါတယ်။

အခု တော့ ရင်းနှီးမြှုပ်နှံမှု တွေ အတွက် တနေရာတည်း က မဟုတ်တော့ပဲ တခြားနိုင်ငံ တွေဆီ က လည်းရ အောင် မြန်မာ က ကြိုးစားနေပြီး အခု ဗြိတိန် ဝန်ကြီးချုပ် ကင်မရွန်းရဲ့ ခရီးစဉ်မှာ လည်း စီးပွားရေး လုပ်ငန်းရှင် တွေပါသွားတယ်လို့ သိရကြောင်း ဒေါက်တာ ဘရောင်းက ပြောပါတယ်

ဒါပေမယ့် သူတို့အနေနဲ့ ဆန်ရှင် အကန့်အသတ် တွေ ရှိနေသေးတော့ လောလောဆယ်တော့ လေ့လာကြတဲ့ အဆင့်မှာရှိနေတယ်လို့ ပြောပါတယ်။ ဒီလ နှောင်းပိုင်းမှာ ဥရောပသမဂ္ဂ အနေနဲ့ ဆန်ရှင် တွေ ကို လျော့ပေါ့ဖို့ စဉ်းစားကြမှာ တွေလည်းရှိနေပါတယ်။ ဒီတော့ သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံကို အနောက်နိုင်ငံ တွေ က ကော အရှေ့ က အိန္ဒိယ လို နိုင်ငံတွေ ကကော ရင်းနှီးမြှုပ်နှံချင်ကြတာဖြစ်တယ်လို့ တရုတ်ရေးရာကျွမ်းကျင်သူ ဒေါက်တာ ကယ်ရီဘရောင်းက ပြောပါတယ်။